အီးမိန့်
တိုင်းပြည်က မငြိမ်မသက် ဆူပူမှုတွေကများ၊ ဟိုနေရာကအော်၊ သည်နေရာကလှော်၊ အရှေ့နင်း အနောက်ထောင်၊ အနောက်နင်း အရှေ့ထောင်၊ တောင်မင်း မြောက်မင်း မကယ်နိုင်လောက်အောင် ရောက်နေချိန်ဖြစ်နေသည်။
“မင်းကြီးများ”
“ဘုရား”
“ဥပဒေတွေတိုးထုတ် ... မလှုပ်နိုင်အောင် တုပ်ထားစေ”
“မှန်လှကြောင်းပါ”
ဘုရင်ထီးဘုရားက ပလ္လင်လှုပ်လေ အမိန့်ထုတ်လေဖြစ်နေသည်။ မခံချင်သော ပြည်သူတို့မှာ ဆူပူရာက နောက်ဆုံး ပြင်းထန်သော ဥပဒေတွေကို ကြောက်သဖြင့် မပျော်ရွှင်နိုင်လောက်အောင်ဖြစ်နေသည်။
တဖြည်းဖြည်း ဆူရင်သတ်၊ ပူရင်သတ်အမိန့်တွေကြောင့် ကြောက်ပြီး ငြိမ်နေကြရတော့သည်။
“ဘိုးဘိုးတို့”
“ဘုရား”
“တိုင်းပြည်ကြီး ငြိမ်သွားပြီလား”
“ပြင်းထန်တဲ့ အမိန့်တွေကြောင့် ငြိမ်သက်လျက်ရှိကြောင်းပါ”
“ဘာတတ်နိုင်သေးလဲကွယ် ... ငါရှင်ဘုရင်ကွယ့် ... ပတ်ချင်တိုင်းပတ်လို့ရတယ် ... ဥပဒေများ ထပ်ထုတ်”
“မှန်လှပါ လှုပ်တောင် မလှုပ်နိုင်တဲ့ ဥပဒေတွေကြောင့် ထပ်ပြီးတော့ ဥပဒေတွေထုတ်လည်း သေဖို့ပဲရှိတော့ တယ်ဘုရား ... ဆင်ခြင်တော်မူပါ”
ပြောသာပြောရသည် မှူးမတ်တွေကလည်း ကြောက်တောက်တောက်။
“ဟေ့ ပြည်သူတွေကို ဥပဒေတွေ တစ်ခုပြီးတစ်ခုဆင့်ကာ ချုပ်ထားရတယ် ... ဥပဒေဆိုတာ အလကား ထုတ်တယ် ထင်နေသလား”
“မထင်ဝံ့ကြောင်းပါ”
“မှတ်ထား ... ငါကိုယ်တော်မြတ် တစ်ပူပေါ် တစ်ဘူဆင့်တဲ့ ဥပဒေ ထပ်ထုတ်တော်မူမယ်”
“မင်းကြီးဘုရား ... တစ်ပူပေါ် တစ်ပူဆင့်တယ်ပဲ ကြားဖူးပါတယ် ... တစ်ပူပေါ် တစ်ဘူဆင့်တယ်လို့”
“နားထောင် ... ငါ၏တိုင်းပြည်အတွင်း အီးမပေါက်ရ အမိန့်ထုတ်စေ”
“အရှင်မင်းကြီး ဒီဥပဒေကြီးက”
“အမိန့်ပဲ ဘိုးဘိုးတို့”
“အီးပေါက်တာကိုတော့ ဥပဒေထုတ်ကာ တားမြစ်လို့ ရနိုင်ဖွယ် မရှိကြောင်းပါ”
“ဘာဖြစ်ဖြစ် ... အီးပေါက်သူ သေဒဏ်လို့ အမိန့်ထုတ်စေ”
“သူတို့ အိမ်ထဲမှာပေါက်လည်း အရေးယူမှာပဲလား”
“ဘယ်မှာပေါက်ပေါက် ... အီးပေါက်ရင် အရေးယူမယ် ... အမိန့်”
နောက်တစ်နေ့တွင် တစ်တိုင်းပြည်လုံး လှည့်လည်ကာ မောင်းကြေးလည်ခတ်သည်
“တိုင်းသူပြည်သူား လူအများတို့လေ ... ယနေ့မှစတင်ကာ မည်သူမဆို .... မည်သည့်နေရာတွင်မဆို … မည်သည့် အချိန်တွင်မဆို ... အီးပေါက်သူများအား အရေးယူရန် အမိန့်ထုတ်ပြန်လိုက်သည်။ အီးပေါက်သူသည် သေဒဏ်ကျခံရမည်ဖြစ်ကြောင်း သိစေအပ်သည်”
“ဒူ ... ဒူ ... ဒူ”
ကဲ ငါရွှေရှင်ဘုရင် ဘာတတ်နိုင်သနည်း။
ပြည်သူတွေ စိတ်ထဲ ကသိသအောက်ဖြစ်လိုက်သည်မှာ ပြောဖွယ်မရှိ။
တစ်တိုင်းပြည်လုံး “အီးမိန့်” ကြောင့် မသက်မသာဖြစ်နေသည်။
အမိန့်ဆိုသည်မှာ အမိန့်သာဖြစ်သည်။
နောက်တစ်နေ့ကစပြီး မပြုံးမရွှင် မသက်မသာ ဖြစ်နေသော ပြည်သူတို့ မျက်နှာတွင် ပြုံးပြုံးရွှင်ရွှင် ဖြစ်လာသည်။
ဟိုနေရာဆူ သည်နေရာဆူတွေလည်း ငြိမ်သွားသည်။
ပဲဈေးတွေတက်ကုန်သည်။
လူတွေပိုပြီးပျော်ရွှင်လာကြသည်။
နန်းတော်ထဲတွင် ဘုရင်ကြီးနှင့် ပညာရှိအမတ်ကြီးတို့ တိတ်တဆိတ်ဆွေးနွေးနေကြသည်။
“ဘိုးဘိုး ... တိုင်းပြည်အေးချမ်းသွားပြီလား”
“အေးချမ်းပြီး ပျော်ရွှင် ဆူသံပူသံတွေတောင် သိသိသာသာ တိတ်သွားပါတယ်ဘုရား”
“အိမ်း ဒါက ဘိုးဘိုးပေးတဲ့ အကြံပေပဲနော် ... ဟုတ်သား ပြည်သူကို ထွက်ပေါက်တော့ ပေးသင့်တယ်ဆိုတာ”
“မှန်လှပါဘုရား”
“အင်း ပါးစပ်က ထွက်ပေါက်မပေးတော့ အောက်ကနေထွက်ပေါက်ပေးလို့ ဘိုးဘိုးပဲ အကြံပေးတယ် မဟုတ်လား”
“မှန်လှပါ”
“အင်း လူတွေ ... လူတွေ ... အီးမပေါက်ရလို့ အမိန့်ထုတ်တာ သူတို့အတွက်များ ထင်နေသလား မသိဘူး”
“လူဆိုတာမျိုးက မလုပ်နဲ့ဆိုရင် ပိုလုပ်ချင်တာပဲဘုရား ... ဒီတော့ အီးမပေါက်ရဆိုလိုက်ရော ... အီးတွေကို ခိုးပေါက်ပြီး ငါတို့တော့ ဘုရင်ကို ဆန့်ကျင်နေပြီလို့ ထင်ကြကာ စိတ်သက်သာရာရနေကြတာပဲဘုရား”
“ကောင်းလေစွ ... ကောင်းလေစွ ... ရာဇဓမ္မမှာ အထက်ကချုပ်ထားရင် အောက်ကဖွင့်ဖောက်ပေးဖို့များ မှတ်တမ်းများ ရေးခဲ့ပါ။ ငါ့သားတော်များ အုပ်ချုပ်တဲ့အခါ အီးမိန့်က တစ်နည်းနည်းတော့ ထိရောက်လိမ့်မယ် ဆိုတာ သင်ပေးပါဘိုးဘိုး”
“အမိန့်တော်မြတ်အတိုင်းပါဘုရား”
တင်ညွန့်
No comments