New Artical

"ကံ" မည်သို့ ဆောင်ပါ့မယ်

ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဗုဒ္ဓသာသနာနှင့် သံဃာကို ဖျက်ဆီးလိုသူတို့ ဘေးအန္တရာယ်မှ ကာကွယ်ခွင့်ပေးထားသော  အခွင့်အရေး

"ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း"
ဗုဒ္ဓမြတ်စွာဘုရားရှင် ဝေသာလီပြည် မဟာဝန်ကျောင်းတိုက်တွင် သီတင်းသုံးတော်မူစဉ် သံဃာတော်များ၏ ဆွမ်းကွမ်းကိစ္စ စီစဉ်ပေးတော်မူရသော အရှင်ဒဗ္ဗ မထေရ်မြတ်ကို မလိမ္မာ လူမိုက်တစ်စုက မြှောက်ထိုး ပင့်ကော်လုပ်သဖြင့် လဇ္ဇဝီလူမျိုးနွယ် ဝဎ္ဍ ဆိုသည့် ပုဂ္ဂိုလ်က ပထမပါရာဇိကဖြင့် စွပ်စွဲမှု ဖြစ်ပွားခဲ့သည်။ ဤသည်ကို အကြောင်းပြု၍ သပိတ်မှောက် ကံဆောင်ထိုက်သော အချက်အင်္ဂါ (၈) ပါးအနက် တချက်ချက်နှင့် ငြိစွန်းလျှင် သပိတ်မှောက်ခွင့်ကို ဗုဒ္ဓမြတ်စွာက ခွင့်ပြုတော်မူခဲ့သည်။ ဗုဒ္ဓသာသနာနှင့် သံဃာကို ဖျက်ဆီးလိုသူတို့ဘေးအန္တရာယ်မှ ကာကွယ်ခွင့်ပေးလိုက်သော အခွင့်အရေးတမျိုးဟု ဆိုနိုင်သည်။
 
ကံဆောင်နိုင်သောအင်္ဂါ (၈) ပါး
ဝိနည်းတော်အရ ရဟန်းတော်များက ဒါယကာများအား သပိတ်မှောက်ရခြင်း အကြောင်းအရင်း အင်္ဂါ (၈) ပါးရှိ၏။
၁။ ဘိက္ခူနံ အလာဘာယ ပရိသက္ကန_ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊
၂။ အနတ္တာယ ပရိသက္ကန_အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊
၃။ အဝါသာယ ပရိသက္ကန_နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊
၄။ အက္ကောသန_ဆဲရေးခြင်း၊
၅။ ဘေဒန_ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊
၆။ ဗုဒ္ဓအဝဏ္ဏ ဘာသန_ဘုရား၏ ဂုဏ်ကျေးဇူးမဲ့အောင်ပြောဆိုခြင်း၊
၇။ ဓမ္မ အဝဏ္ဏ ဘာသန_တရား၏ ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုခြင်း၊
၈။ သံဃ အဝဏ္ဏ ဘာသန_သံဃာ၏ ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုကဲ့ရဲ့ခြင်းတို့ဖြစ်သည်။

အင်္ဂါ (၈) ပါးအနက် တစ်ပါးပါး ပြည့်စုံသည်ဟု အနည်းဆုံးရဟန်းတော် (၄) ပါးမှ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချနိုင်လျှင် (ထင်ရှားစေခဲ့လျှင်) စတင်ကံဆောင်နိုင်ပါသည်။

စတင်ကံဆောင်သော ရဟန်းတော်များ၏ လုပ်ရပ်သည် သင့်တင့် လျှော်ကံမှုမရှိ (မတရား) ဖြစ်နေလျှင် မည်သည့်ရဟန်းတော်မဆို ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ကျူးလွန်သော အပြစ်တို့မှာ ထင်ရှားပြီးဖြစ်၍ ကန့်ကွက်ရန်မရှိတော့လျှင် ဆိတ်ဆိတ်နေခြင်းအားဖြင့် ထောက်ခံနိုင်သည်။
 
(ကန့်ကွက်သူ သံဃာ တစ်ပါးပါး ပေါ်ပေါက်ခဲ့လျှင်တော့ ကံဆောင်မှု အထမြောက်/မမြောက်ကို ပြန်လည်သုံးသပ်ကောင်း သုံးသပ်နိုင်သည်။ ကန့်ကွက်သူ မပေါ်ပေါက်ခဲ့လျှင် ရဟန်းတော်အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သံဃာထု၏ ဆန္ဒနှင့်ညီသည်။ သံဃာ့ကံဆောင်မှု အထမြောက်ခဲ့ပြီ ဆိုသည်မှာ အငြင်းပွားစရာမရှိတော့။)
 
အရပ်စကားဖြင့် သံဃာထု၏ ဆန္ဒဟု သုံနှုံးခဲ့ရသော်လည်း မူအားဖြင့် ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ် အစရှိသော ကိလေသာ ဆန္ဒတို့အပေါ်တွင် ခြေခံခြင်းမရှိသည်ကို အသေအချာစဉ်းစား ကြည့်လျှင်ကောင်းစွာ တွေ့မြင်နိုင်သည်။ တစ်ကြိမ်တစ်ခါ စော်ကားခဲ့ပြီး ဖြစ်သောကြောင့် စော်ကားသူတို့၌ အပြစ်သည်ဖြစ်ခဲ့လေပြီ။ ထို့ကြောင့်_ _
(က) စော်ကားသူတို့၌ နောက်တစ်ကြိမ် အပြစ်မဖြစ်စေရန်၊
(ခ) အနာဂါတ် သံဃာထုအတွက် နောက်တစ်ကြိမ် အလားတူစော်ကားခံရမှုမျိုးမှာ မပေါ်ပေါက်စေရန်၊
စသော အကျိုးတရားများကို မျှော်ကိုး၍ စော်ကားသော ပုဂ္ဂိုလ်းအား ရဟန်းတော်တို့ အနေနှင့် အဆက်အဆံ မပြုကြရန် အဆိုတင်သွင်းခြင်းဖြစ်သည် ဟုယူဆနိုင်ပါသည်။
 
အထက်တွင်ဖေါ်ပြခဲ့သော အကျိုးတရား နှစ်ပါးကို ကြည့်ခြင်းအားဖြင့်စတင်အဆိုတင်သွန်းခဲ့သော ရဟန်းတော်တို့၏ စော်ကားခဲ့သူအပေါ်၌ လည်းကောင်း၊ အနာဂါတ်သံဃာထု အပေါ်၌ လည်းကောင်း ထားရှိသော စေတနာ မေတ္တာမှာ ထင်းရှာလျှက်ရှိပါသည်။ သို့ဖြစ်ပါ၍ စတင်အဆိုတင်သွန်းခြင်း အလုပ်သည် အစော်ကားခံ ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ်၌ အခြေခံခြင်း လုံးဝမရှိပဲ သတ္တဝါအားလုံး၏ ကောင်းကျိုးကို မျှော်ကိုးသော မေတ္တာတရား (အဒေါသ) ကိုအခြေခံ၍ ပြုလုပ်ခြင်းဖြစ်သည်ဟုပင် ဆိုနိုင်သည်။
ကံဆောင်ရန် အဆိုကို တင်သွန်းနေချိန်တွင်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် မေတ္တာပို့ခြင်း အလုပ်ကို အဆက်မပြတ် ဆောင်ရွက်နေကြသောကြောင့် ဒေါသ ကိလေသာ စိတ်တို့မှ ကင်းလွတ်နေမည် ဆိုသည်မှာ အငြင်းပွားရန်မရှိတော့။
 
မေတ္တာတရားကို အခြေခံသော အလုပ်မှ ကံဆောင်သူတို့ အပေါ်တွင်ဖြစ်စေ၊ ကံဆောင်ခံရသူတို့ အပေါ်တွင်ဖြစ်စေ ဆိုးကျိုးတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်လည်း (၁) မေတ္တာတရား လက်ကိုင်ထားသူတို့၌ လည်းကောင်း (၂) လိုအပ်သော အခြေအနေနှင့်တကွ သံဃာထုအား သပိတ်မှောက်ကံဆောင် ခွင့်ကို ပြဋ္ဌာန်းပေးခဲ့သော ဘုရားရှင်၏ မူဝါဒ၌ လည်းကောင်း အပြစ်တစ်စုံတစ်ရာမရှိ။ မေတ္တာတရား၏ တန်ဖိုးကို နားမလည်သူတို့တွင်သာ အပြစ်ရှိတော့သည်။
 
ကံဆောင်ခြင်း ဆိုသည်မှာ ကံဆောင်ခံပုဂ္ဂိုလ် (သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု) အား သံဃာထုမှ အဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည် ဟုဆိုနိုင်သည်။ မည်သူမဆို မိမိနှင့် သင့်မြတ်သူကို မိတ်ဆွေ ဖွဲ့ပိုင်ခွင့်ရှိသလို၊ မည်သူမဆို မိမိနှင့် မသင့်မြတ်သူအားလည်း ဝေးဝေးရှောင်ကာ နေပိုင်ခွင့်ရှိသည်။ ထို့ကြောင့် သပိတ်မှောက် ကံဆောင်ခြင်းသည် မည်သည့်တရားဥပဒေ နှင့်မျှ ငြိစွန်းခြင်းမရှိနိုင်ပါ။
 
သံဃာထု၏ ဆုံးဖြတ်ချက်သည် မိမိ၏ရပိုင်ခွင့် ကိုကျော်လွန်၍ ပြုလုပ်ခဲ့ခြင်းမဟုတ်၊ မည်သည့်အပို အခွင့်အရေးကိုမှ အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း လည်းမရှိ၊ သူတစ်ပါး၏ လွတ်လပ်ခွင့် (လူ့အခွင့်အရေး) တစ်စုံတစ်ရာကို ထိပါးစော်ကားခြင်းလည်း ကင်း၏။ ထို့ကြောင့် ကံဆောင်ခြင်းသည် လူ့အခွင့်အရေး ရှုဒေါင့်မှ ကြည့်မည်ဆိုလျှင်လည်း တရားမျှတသည် ဟုဆိုရမည်ပင်ဖြစ်သည်။
 
Wai Linn

No comments