ရှက်သင့်တာကို ရှက်ကြစို့
လောကကို စောင့်ရှောက်သော တရားနှစ်ပါးသည်ရှိ၏။ ထိုတရား
နှစ်ပါးထွန်းကားသရွေ့ လောကသည် မပျက်စီးနိုင်။ ထိုတရားနှစ်ပါးပျောက်ကွယ်ပြီ
ဆိုလျှင် ကောင်းမှုနှင့်မကောင်းမှု၊ ဓမ္မနှင့်အဓမ္မသည်
ခြားနားမှုမရှိတော့ဘဲ လောကသည် ပျက်စီးပြီဖြစ်သည်။ လောကကို
စောင့်ရှောက်နေသော
ထိုတရားနှစ်ပါးမှာ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမှာကို ရှက်ခြင်း
(ဟီရိ)၊ မကောင်းမှုပြုလုပ်ပြောဆိုကြံစည်ရမှာကို ကြောက်ခြင်း (ဩတ္တပ္ပ)တို့
ဖြစ်ကြသည်။
လောကပါလတရားနှစ်ပါးဟုလည်း ခေါ်သည်။
ရှက်ခြင်းနှင့် ကြောက်ခြင်းသည် ဤလောက ကြီးကို ထိန်းချုပ်ထားသော
အဓိကမောင်းနှင်အားနှစ်ခုဖြစ်ကြသည်။ အချို့ ခေတ်မီပါသည် ဆိုသော
အနောက်နိုင်ငံများမှာပင် ရှက်ခြင်းနှင့်ကြောက်ခြင်းဆိုသည့်
သဘောတရားနှစ်ခုကို ဆုပ်ကိုင်ထားကြဆဲဖြစ်သည်။ လူနှင့်တိရစ္ဆာန်ကို
ပိုင်းခြားထားသည်မှာလည်း ဤတရား နှစ်ပါး ဖြစ်သည်။
တောင်ဒဂုံအထည်ချုပ်စက်ရုံတွင်
အလုပ်လုပ်နေသော အလုပ်သမအမျိုးသမီးအချို့ မကြာသေး မီလပိုင်းအတွင်းက
ဝိညာဉ်ပူးသလို၊ အပမှီသလို၊ သရဲဝင်သလိုလို ဖြစ်ရပ်နှစ်ခု
သုံးခုခန့်ဖြစ်ပွားခဲ့သည်။ ဝင်ရောက်ပူးကပ်သော ဝိညာဉ်ပိုင်ရှင်က သူ့ကိုယ်သူ
မြမြဟု အမည်တပ်သည်။ သူ့ကို ယောက်ျားသုံးယောက် က မုဒိမ်းကျင့်လူသတ်ပြီး
အလောင်းဖျောက် ဖျက်ပစ်ခဲ့သည်ဟု ပူးပြီးပြောသည်။ ရဲများက မြမြဆိုသူ
မိန်းကလေး ညွန်ပြသည့်အတိုင်း အလောင်းကို လိုက်ရှာသည်။ သို့သော်မတွေ့။
သူပြောသောစက်ရုံ မှာလည်း ထိုနာမည်နှင့်
ပျောက်ဆုံးနေသူမရှိ။
အချို့က စက်ရုံအလုပ်သမများသည် နာမည်ရင်းကတမျိုး၊ အလုပ် ဝင်လျှင်
မှတ်ပုံတင်မရှိ၍ ကြုံရာလူ၏ မှတ်ပုံတင်ဖြင့် အလုပ်သမား စာရင်းသွင်းကြသော
ကြောင့်
စာရင်းထဲမှ နာမည်နှင့်အပြင်မှနာမည် မကိုက်တာတွေလည်း ရှိတတ်သည်ဟု ဆိုသည်။
အချို့ကလည်း အချိန်ကာလတွေ အကြာကြီးကြာပြီးမှ ဝိညာဉ်ကဝင်ပူးပြော လျှင်လည်း
ပြောတတ်သဖြင့် ယခုဖြစ်သလိုလိုထင်ကာ လိုက်ရှာလျှင် လက်စလက်နကို တွေ့နိုင်မည်
မဟုတ်ဟုယူဆကြသည်။ အချို့ကလည်း ယုတ္တိယုတ္တာကင်းမဲ့သော ထွင်လုံး
လှန့်လုံးအဖြစ် ယူဆကြသည်။ ဝင်ရောက်ပူးကပ်ခံရသော မိန်းကလေးကတော့ သူသည်
တကယ်အပူးအကပ်ခံရ၍ ဤစကားများကို ပြောခြင်းဖြစ်ကြောင်း။ လိမ်ညာပြောစရာ
ဘာအကြောင်းမှ မရှိကြောင်းဆိုသည်။
မည်သို့ပင်ဖြစ်စေ၊
ဝိညာဉ်လောက၊ ပရလောက၊ သရဲပူးခြင်းကိစ္စတို့ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ
ဤဇာတ်လမ်းတွင် ပါဝင်နေသော အချက်သုံးချက်ရှိသည်။ ထိုအချက်များမှာ (၁)
မိန်းကလေးတယောက် မုဒိမ်းကျင့်ခံရသည်။ (၂) မုဒိမ်းကျင့်ခံရပြီး အသတ်ခံရသည်။
(၃) ထိုအမှုတွင် တရားခံ မပေါ်သေးဘူးဆိုသည့်အချက်ဖြစ်သည်။
ထိုအချက်သုံးချက်မှာ စိတ်ဝင် စားစရာဖြစ်သလို၊ စိတ်မကောင်းစရာ
ဝမ်းနည်းစရာဖြစ်သည်။ လူ့လောက အလွှာအသီးသီး တွင် အလုပ်သမားအလွှာသည် အောက်ခြေ
အကျဆုံးအလွှာဖြစ်သည်။ ထိုအလွှာမှ မိန်း ကလေးတဦးအတွက်
တရားမျှတမှုကင်းမဲ့နေသေးသောအဖြစ်ကို မီးမောင်းထိုးပြနေသည်။
မိန်းမပျို၊
မိန်းမငယ်တဦး ရက်ရက်စက်စက် အစော်ကားခံရသည်။ အရှက်ကိုပေးရ သည့်အပြင်
အသက်ကိုပါ နုတ်ယူခဲ့ကြသည်။ အနိုင်ကျင့်ခံခဲ့ရသည်။ ဘယ်လိုပဲစဉ်းစားစဉ်းစား
ဤဇာတ်လမ်းသည် စိတ်ပျော်ရွှင်စရာ တစက်မှ မရှိ။ အားကျကြည်နူးစရာအကွက် တစက်မှ
မပါ။ မိန်းကလေးတယောက်ကို အနိုင်အထက် စော်ကားခြင်း၊ အဓမ္မမှုကိုဖုံးကွယ်ရန်
လူသတ် ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်းဆိုသော အင်မတန် ဆိုးသွမ်းယုတ်မာသော
အမှုနှစ်ခု သုံးခုကိုတွေ့ရသည်။ အားလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ
မှုခင်းများဖြစ် သည်။ မြန်မာလူ့အသိုင်းအဝိုင်းအတွက် စာရိတ္တနှင့်ပတ်သက်၍
ဂုဏ်ယူစရာ တစက်မှမရှိသော ကိစ္စများ ဖြစ်သည်။ လောလောဆယ်တွင်ပင်
ထိုင်းနိုင်ငံ၌ ဗြိတိန်နိုင်ငံသားစုံတွဲကို မုဒိမ်းကျင့် သတ်ဖြတ်မှု
စွပ်စွဲချက်နှင့် မြန်မာနိုင်ငံသား ဝင်းနှင့်စော်နှစ်ဦးမှာ သေဒဏ်အမိန့်ချ
ခံထားရသည်။ မည်သည့်ဘက်က စဉ်းစားစဉ်းစား မုဒိမ်းမှုဆိုသည်မှာ
ကျူးလွန်သူအတွက် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ခံရသူအတွက်ရော
ဝမ်းနည်းနာကြည်း စရာကောင်းပါသည်။ နှစ်ဖက်စလုံးတွင် ဂုဏ်ယူရမည့်
ပျော်ရွှင်ဖွယ်ကိစ္စ တစက်ပင်မရှိ။ မုဒိမ်းသမားဖြစ်ရခြင်း၊ မုဒိမ်းသမား၏
ဇနီးမယားဖြစ်ရခြင်း၊ မုဒိမ်းကောင်၏မိဘဖြစ်ရခြင်း၊ မုဒိမ်းကောင်၏ သားသမီး
ဖြစ်ရခြင်း၊ ဆွေမျိုးညီအစ်ကို မောင်နှမဖြစ်ရခြင်းတို့အတွက် မည်သူကမျှ
ဂုဏ်ယူဝင့်ကြွား နိုင်မည် မဟုတ်ပါ။ သူတို့ကျူးလွန်သော မကောင်းမှုအတွက်
အားလုံးအရှက်ရကြစမြဲ ဖြစ်သည်။ သို့သော် မြန်မာတွေသည် ရှက်သင့်သည့်နေရာတွင်
ရှက်ကြပါပြီလား။
၉-၉-၂၀၁၉ ရက်က ရန်ကုန်မြို့
ကန်တော်ကြီး၊ မျှော်စင်ကျွန်းတွင် သရုပ်ဆောင်လူရွေးပွဲ တခုလုပ်သည်။
ဇာတ်ကောင်က မုဒိမ်းကျင့် လူသတ်သမားသုံးဦးနေရာမှ သရုပ်ဆောင်ရန်
လာရောက်လျှောက်ထားသူ လူဦးရေက ၁၅၀ ခန့်ရှိသည်တဲ့။ ထိုအထဲက သုံးယောက်ကို
ရွေးကြသည်။ လာပြိုင်သည်၊ ရွေးသည်။ ရသည်။ ရုပ်ရှင်သည် အနုပညာသဘောဖြစ်သဖြင့်
သရုပ်ဆောင်ခြင်း၊ ဒါရိုက်တာလုပ်၍ ဇာတ်ကားရိုက်ခြင်း၊
ဇာတ်ညွှန်းရေးခြင်းတို့ကို အပြစ်မဆိုလို။ သို့သော် ပြောစရာရှိသည်မှာ
လူရွေးပွဲလုပ်ပုံဖြစ်သည်။ မုဒိမ်းအကျင့်ခံရမည့်
အဓိကအမျိုးသမီးသရုပ်ဆောင်ကို အရင်ရွေးချယ်လိုက်သည်။ ထို့နောက်
မုဒိမ်းသမားနေရာမှ သရုပ်ဆောင်လိုသူ အလိုရှိသည်ဟု ကြေညာလိုက်သောအခါ အားလုံးက
သဘော ထားကြသည်မှာ ဇာတ်လမ်းထဲက ကောင်မလေးမြမြကို
မုဒိမ်းကျင့်မည့်သူများအဖြစ်
လျှောက်ထားရခြင်း
ဆိုသည်ကို မတွေးမိတော့ဘဲ သရုပ် Sexy မင်းသမီးကို မုဒိမ်းကျင့်ရန်
လူရွေးပွဲဟုသာ အပေါ်ယံကြောဖြင့် စိတ်ဝင်စားကြတော့သည်။
မူရင်းဇာတ်ကောင်ဖြစ်သူ အလုပ်သမလေးမြမြ၏ သနားစဖွယ်ဇာတ်လမ်း
ပျောက်ကွယ်သွားပြီး မင်းသမီးမမ၏ ဖော်ချွတ်
ပြကွက်များကိုသာ
လူတွေက မြင်ယောင်မိကြပေတော့သည်။ လူကြမ်းသရုပ်ဆောင် လာ လျှောက်သူတွေကရော
သူတို့စိတ်ထဲတွင် မြမြဟူသည့် လူမသိသူမသိ မိန်းကလေး တ ယောက်အကြောင်း
ရှိပုံမရတော့ဘဲ Sexy မင်းသမီး၏မျက်နှာကိုသာ ပြေးမြင်ကြ ပေလိမ့် မည်။
အဓိကပြောလိုသောကိစ္စမှာ
သရုပ်ဆောင် လူရွေးပွဲကျင်းပပုံဖြစ်သည်။ သူတပါး သားပျိုသမီးပျိုကို
ဘယ်လိုဖျက်ဆီးသည်၊ ဘယ်လိုလုပ်ကြကိုင်ကြသည်ဆိုတာကို လူပေါင်း များစွာ၊
ကင်မရာပေါင်းများစွာရှေ့တွင် မရှက်မကြောက်လုပ်ပြကြသည်။ အချို့က ဘောင်းဘီ
ဇစ်ကို ဖြုတ်ကာ ကိုယ်ကိုကော့၍ သုံးလေးကြိမ် ကြမ်းပြင်ကို မုဒိမ်းကျင့်သလို
လုပ်ပြကြသည်။ မိန်းကလေးကို ပါးတွေနားတွေ ရိုက်သည့်ပုံ လုပ်ပြကြသည်။
အချို့ဆိုလျှင် အတွင်းခံ
ဘောင်းဘီတိုလေးသာ ကျန်သည်အထိ
လူပုံအလယ်တွင်ချွတ်ကာ မုဒိမ်းစွမ်းရည်ကို ပြခဲ့ကြ သည်။
မုဒိမ်းကျင့်တယ်ဆိုတာ ဒီလိုလုပ်ရတယ်ဟု လူငယ်မျိုးဆက်သစ်များကို နည်းပေးလမ်း
ပြလုပ်နေ သည့်သဖွယ်ဖြစ်သည်။ မုဒိမ်းကျင့်တယ်ဆိုတာ ဘာမှမဆန်းဘူး၊
လူတွေအားလုံး လက်ခံရယ်မောနေကြတာပဲဟူသော အယူအဆကို လူငယ်များ၏ နုနယ်သော
နှလုံးသား ထဲကို ဝင်ရောက်စေပါသည်။ ဒီလိုစက်ဆုပ်ရွံရှာဖွယ်ကိစ္စကို
လူ့အသိုင်းအဝန်းက ပေါ့ပေါ့ပါးပါး လက်ခံလေဟန် သရုပ်ဖော်ပွဲကြီး
လှဲချီးကျင်းပနေကြပါသည်။ သရုပ်ဆောင်ရွေးတာသည် အပြစ်မဟုတ်။ အဓိက
ချို့ယွင်းချက်မှာ အခြားသရုပ်ဆောင်ကွက်များ ပြုလုပ်ခိုင်းပြီး အမူအရာကို
အကဲဖြတ်လျှင် ရပါလျက်နှင့် မုဒိမ်းကျင့်ခန်းကို တစ်တစ်ခွခွ သရုပ်ဆောင်ပြ
စေခြင်း၊ ထိုသို့သရုပ်ဆောင်ချက်ကိုလည်း ကင်မရာများနှင့် ရိုက်ကူးနိုင်အောင်
လမ်းဖွင့်ပေး ထားပြီး လူမှုမီဒီယာများပေါ်တွင် ပျံ့နှံစေခြင်းတို့သည်
အနုပညာဆိုသော အကာအကွယ်ကို ယူကာ လူ့အသိုင်းအဝိုင်းကို စေတနာဆိုးဖြင့်
အဆိပ်ခတ်ခြင်းဖြစ်သည်။ ဖြစ်သင့်သည်က သရုပ်ဆောင်ရွေးပွဲကို Public သို့
အုတ်အော်သောင်းတင်းမပြဘဲ မိမိရုံးခန်းထဲတွင် အကဲဖြတ် ဒိုင်လူကြီးလောက်ပဲ
တက်ရောက်စေကာ တိုးတိုးကြိတ်ကြိတ် လူရွေးချယ်ခြင်း ပြုရပေမည်။
မုဒိမ်းအကျင့်ခံရမည့် မင်းသမီးကိုယ်တိုင် ရှေ့ဆုံးမှ
လာကြည့်ခိုင်းစရာမလိုသလို၊ ကိုယ့်ကို မုဒိမ်းကျင့်မည့်သူ၏
သရုပ်ဆောင်ကွက်ကိုလည်း ဟီးဟီးဟားဟား လုပ်နေကြခြင်းသည် မှား၏။ မုဒိမ်းမှုကို
အားပေးအားမြှောက်ဝိုင်းလုပ်နေကြခြင်းနှင့်တူ၏။
ဖြစ်သင့်သည်မှာ
Private အဖြစ် တိုးတိုးတိတ်တိတ် လူရွေးချယ်ပြီး ရွေးချယ်စဉ်
သရုပ်ဆောင်ထားပုံ ဗီဒီယိုဖိုင်လ်များလည်း ရိုက်ကူးခွင့်ပိတ်ရမည်။
ဆိုရှယ်မီဒီယာသို့လည်း မတင်သင့်ပေ။ မြမြဆိုသော စက်ရုံ အလုပ်သမလေးမှာ
အများအားဖြင့် တောင်ဒဂုံစက်မှုဇုန်မှ အလုပ်သမများလို ဝတ်ပုံစားပုံ
ခပ်ရိုးရိုးအေးအေး များသာ ဖြစ်သင့်ပေသည်။ Sexy မင်းသမီးကို ထိုဇာတ်ရုပ်တွင်
သရုပ်ဆောင်ရွေးချယ်ထားလိုက်သဖြင့် ရုပ်ရှင်ကြည့်သူတို့ အမြင်တွင်
မုဒိမ်းကျင့်ခံရမှာပေါ့ ဝတ်ထားတာကိုက Sexy တွေ ဖော်ချွတ်တွေပဲဟုခံရသူကို
အပြစ်တင်ချင်သော (Victim Blame) အယူအဆတွေပင် ဝင်လာနိုင်ပေသည်။ ထိုအခါ
ရုပ်ရှင် ဇာတ်ကား တခုလုံး၏ ပေးချင်သောသတင်းစကား (message) မှာ ပျက်ပါမည်။
ဆိုလိုရင်းမှာ သူတပါးသားသမီးကို စော်ကားခြင်း၊ အနိုင်ကျင့်စော်ကားပြီး
လူသတ်ခြင်းသည် ရှက်စရာအမှု (ဟီရိ)၊ ကြောက်စရာ အမှု(ဩတ္တပ္ပ) ဖြစ်ပါသည်။
သို့သော် သရုပ်ဆောင်လူရွေးပွဲကို လူပုံ အလယ်တွင်ကျင်းပပြီး ဖေ့ဘွတ်တွင်
ကွက်ကွက်ကွင်းကွင်း လွှင့်ကြခြင်းမှာ ထားရှိရမည့်
လောကပါလတရားများ
ပျောက်ဆုံးသွားခြင်းဖြစ်သည်။ အနုပညာသည် ငွေရရှိရေး ပဓာန၊ နာမည်ကြီးရေး
ပဓာနဆိုလျှင်တော့ ဘာမှမပြောလိုတော့ပါ။ အနုပညာသည် ထိုထက်တော့
အဆင့်အတန်းရှိသင့်သည်ဟု ထင်ပါသည်။ ဟောလိဝုဒ်မှာလည်း လိင်ဆက်ဆံခန်းတွေ၊
မုဒိမ်းကျင့်ခန်းတွေ ရိုက်ကြပါသည်။ ပြုကြပါသည်။ သို့သော်
မုဒိမ်းဇာတ်ကောင်ရွေးချယ်ပွဲကို ယခုကို လူမြင်သူမြင် အခမ်းအနားနှင့်
လုပ်မပြုကြပါ။ မုဒိမ်းကျင့်ခြင်းကို လုပ်ရိုးလုပ်စဉ် ထမင်းစားရေသောက်အဖြစ်
လူငယ်တွေ ထင်မြင်ယူဆ သွားအောင် သွယ်ဝိုက်သော နည်းဖြည့်မလုပ်ကြပါ။
အပြာဗီဒီယိုများကတော့ တပိုင်းဖြစ်သည်။ ၁၈ + မဟုတ်သော
ရုပ်ရှင်ကားများမှာတော့ ထိုသို့မုဒိမ်းသမားကို အားကျလာစေသော Presentation
မျိုး မလုပ်ကြပါ။ အနုပညာစည်းစောင့် ကြပါသည်။
ယောက်ျားနှင့်မိန်းမတွင်
အစဉ်အလာအားဖြင့် ယောက်ျားက ခွန်အားကြီးပါသည်။ မိန်းမက ရုပ်ပိုင်းဆိုင်ရာ
ခွန်အားနည်းပါသည်။ ခွန်အားနည်းသူကို ခွန်အားကြီးသူက အနိုင်ကျင့်ခြင်းသည်
တောရိုင်းတိရစ္ဆာန် သီအိုရီအရ အားကြီးသူသာ အမှန်တရား (Might is Right)
အယူအဆဖြစ်ပါသည်။ အီတလီနိုင်ငံရေး ညစ်ကွက်ဆရာကြီးမက်ခီယာဗယ်လီ၏ "The end
justifies the means"ဆိုသော "ဘယ်လိုပဲလုပ်လုပ် နိုင်ရင်ပြီး စတမ်း" အယူဝါဒ
ဖြစ်သည်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုသော ဘယ်သူစတင်တီထွင်ခဲ့
မှန်းမသိသည့် လူညစ်ပတ်တို့၏မတရားမှုကို တရားသဖွယ် ကျူးလွန်ကြဖို့
အားပေးအားမြှောက်ဝါဒမျိုးဖြစ် ပါသည်။ နိုင်သူသာအမှန်၊ ဘယ်လိုပဲနိုင်ရနိုင်ရ
တရားသည်ဆိုသောအခါ သူတပါးထက် အင်အားရှိစေရန် လက်နက်တွေကိုင်စွဲကြတော့သည်။
လက်နက်မဲ့သူထက် ဓား၊ ပုဆိန်၊ ရဲတင်း စသည်တို့ရှိသူက၊ ဓားကိုင် ထားသူထက်
သေနတ်စသည်တို့ ကိုင်နိုင်သူက ပို၍ အားရှိသည်။ ပို၍ အနိုင်ယူနိုင်မည်။
သေနတ်ကိုင် ထားသူထက် အမြောက်စသော လက်နက်ကြီးပိုင်ဆိုင်သူက၊
လက်နက်ကြီးပိုင်ဆိုင်သူထက် တိုက်လေယာဉ် ဗုံးကြဲလေယာဉ် ပိုင်ဆိုင်သူက၊
တိုက်လေယာဉ်ထက် နျူကလီးယားလက်နက်ပိုင်ဆိုင်သူကာ ပို၍အားကြီး၊ ပို၍ အနိုင်ရ၊
ပို၍အမှန်တရားဖြစ်ဆိုသော အင်အားကိုအခြေပြုသော အယူအဆသည် မမှန်နိုင်ပေ။
မမှန်တာကို မမှန်တာအဖြစ်တော့ ရေးကြ၊ ပြောကြ၊ ရုပ်ရှင်ရိုက်ကြရရပေမည်။
အင်အား သည်သာ အမှန်တရားဆိုတာကြီးကို ဟုတ်သယောင်ယောင်၊ ဘာမှမထူးဆန်း သယောင်
ယောင်၊
အားပေးအားမြှောက်လုပ်သယောင် ယောင်ကိစ္စမျိုး ဘယ်အနုပညာသမားမှ
မလုပ်အပ်သလို၊ ယဉ်ကျေးသော ဘယ်လူ့ အသိုင်းအဝိုင်းကမှလဲ လက်သင့်မခံသင့်ပေ။
အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်တာတော့ မတရားတာမရှိဟူ၍ လက်ခံပေး
၍မရပေ။ လောကကြီးတွင် အချစ်ဖြစ်ဖြစ်၊ စစ်ဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊
အနုပညာပဲဖြစ်ဖြစ်၊ လူ့လောကပဲဖြစ်ဖြစ်၊ လောကသဘော၊ ဓမ္မသဘောပဲဖြစ်ဖြစ်
တရားတာသည်ရှိ၏။ မတရားတာသည်လည်း ရှိ၏။ မတရားတာသည်သတ်သတ်၊ တရားတာသည် သတ်သတ်စီ
ဖြစ်သည်။
မြန်မာပြည်မှာတော့ ရှက်စရာကိုရှက်စရာဟူ၍
မသတ်မှတ်ကြတော့သည်လားမသိပါ။ သာမန်အားဖြင့် ရှက်သင့်သည်၊ ကြောက်သင့်သည်
ဟူသောကိစ္စများ ကို မရှက်တော့၊ မကြောက်တော့ဘဲ မရှက်သင့်
မကြောက်သင့်သည်တွေကိုတော့ ရှက်ကြကြောက်ကြ ဖြစ်နေကြတာ ထူးဆန်းစွာတွေ့ရလေသည်။
ယခင်က မြန်မာနိုင်ငံဝယ် သူတပါးမယားငယ် ဖြစ်ရမှာ၊ သူတပါး
အထောက်အပံ့ခံဖြစ်ရမှာ ရှက်ကြ၊ ကြောက်ကြ၏။ ယခုသော် ခပ်ပြောင်
ပြောင်ပင် မယားငယ်ခံသည်ကိုပင် စပွန်ဆာဟု ကင်ပွန်းတပ်ကြသေးသည်။ အဲဒါ ကျွန်မ စပွန်ဆာပါဟု မိတ်ဆက်ပေးတတ်ကြသေးသည်။
နိုင်ငံတကာတွင်
စာမေးပွဲတခုကို မဖြေနိုင်သဖြင့် မိဘအရှိန်အဝါသုံးပြီး အောင်အောင် လုပ်ရမှာ
ရှက်ကြသည်။ ကျောင်းတွေကလည်း လက်မခံ၊ မိဘတွေကလည်း မလုပ်ကြ။
မြန်မာနိုင်ငံမှာတော့ သိပ်မဖြေနိုင်လို့ အဖေ့ကို လိုက်ခိုင်းထားတယ်။ သူတို့
မိဘတွေက ပေါက်ပေါက်ရောက်ရောက်နဲ့လိုက်တော့ ဂုဏ်ထူးတွေပါတာပေါ့ ဆိုသော
စကားများကို ရှက်ရကောင်းမှန်းမသိတော့ဘဲ အားကျသည့်လေသံဖြင့်ပြောကြသည်။
ရာထူးတက်ဖို့၊ ရဲအဖမ်းမခံရဖို့၊ နှောင့်နှေး နေသောရုံးကိစ္စတွေအဆင်ပြေဖို့
မိဘနာမည်တွေ၊ မိဘရာထူးတွေ၊ ရာထူးကြီးကြီး အာဏာရှိသူ အဆက်အသွယ်တွေကို
ဂုဏ်ယူဝင့်ကြွားစွာ ထုတ်သုံးကြသည်။ ထုတ်သုံးသည့်အတိုင်းလည်း
အမှုအခင်းတော်တော်များများမှာ ပြေလည်ကြသည်။
ဒီမိုကရေစီနိုင်ငံကြီးတွေမှာ
လာဘ်ယူရမှာ ရှက်ကြသလို၊ လာဘ်ပေးရမှာ ရှက်ကြ သည်။ ယာဉ်ထိန်းရဲ
အဖမ်းခံရလျှင် လာဘ်ပေး၍ လွတ်လမ်းမရှိ။ လာဘ်မပေးသဖြင့်လည်း
ပို၍အပြစ်ပေးလေ့မရှိ။ ဝန်ထမ်း တွေ၏ဘဏ်ငွေစာရင်းထဲသို့ လခအပြင်
အခြားငွေလွှဲများ ဝင်လာလျှင် အဂတိစစ်ဆေးရေးအဖွဲ့က
လာရောက်မေးမြန်းစုံစမ်းတာခံရသည်ဟု အနောက် တိုင်းမှ သူငယ်ချင်းတဦးကပြောသည်။
ဆိုရလျှင် အဆင့် အတန်းရှိသော နိုင်ငံကြီးများတွင် လာဘ်ပေးရမှာရှက်ကြသည်။
လာဘ်ယူရမှာ ရှက်ကြသည်။ တိုင်းပြည် ၏လခကို ရယူထားပြီး
အခွန်ထမ်းပြည်သူများအပေါ် တာဝန်မကျေမှာ ဝန်ထမ်းတွေကရှက်ကြသည်။ စိုးရိမ်
ကြသည်။ မြန်မာနိုင်ငံတွင် အစိုးရရုံးဌာနကြီး တော် တော်များများသို့
သွားကြည့်ပါ။ အလုပ်လုပ်နေသူ ဆယ်ယောက်လောက်မြင်ရလျှင် ဘာအလုပ်မှမလုပ်ဘဲ
ထမင်းချိုင့်အစောကြီး ဖွင့်စားနေသူ တွေ၊ လက်ဖက် ရည်ဆိုင်ထွက်ထိုင်နေသူတွေ၊
ဝတ္ထုစာအုပ်ဖတ်နေသူတွေ၊ စုပြီးအတင်း ပြောနေသူတွေ၊ အိပ်နေသူတွေ၊
ဟေးလားဝါးလားလုပ်ကာ ရုံးဆင်းချိန်ကို ချောင်းနေသူတွေ အများကြီးတွေ့ရမည်။
ထိုင်းနိုင်ငံဆေးရုံတခုမှ
ပြန်လာခဲ့သူက ပြောသည်။ ဆေးရုံ Food Court တွင် တန်းစီ၍ ပိုက်ဆံ
ကတ်လုပ်နေကြရာ လူတန်း၏ရှေ့ဆုံးမှ ကြားဖြတ်ဝင်လာသူ မိန်းမပျိုတယောက်သည်
မြန်မာဖြစ်ပါသတဲ့။ အားလုံးက အထင်သေးသည့်အကြည့်တွေနှင့် ဝိုင်းကြည့်နေကြ
သော် လည်း ရှက်ရကောင်းမှန်းမသိတာ မြန်မာအမျိုးပါပဲတဲ့။ ကြားမဖြတ်ဖို့
ထိုင်းဝန်ထမ်းက ပြောသော်လည်း မကြားသလိုလုပ်နေသဖြင့် ရှေ့ဆုံးမှ ဂျပန်ကြီးက
သူ့အလှည့်ကိုကျော်ကာ လုပ်ပေးလိုက်ပါဟု (အောက်တန်းကျသူတွေနှင့်
ဖက်စကားမပြောချင် သည့်ပုံဖြင့်) ပြောလိုက် တာကိုလည်း နောက်မှ
တန်းစီနေသူတွေက မြင်ကြရပါသတဲ့။ ထိုကြားဖြတ်သည့် အမျိုးသမီး ကိုကြည့်ပြီး
ထိုင်းလူမျိုးဝန်ထမ်းတွေက အတင်းပြောကြပါသေးသတဲ့။ ထိုအမျိုးသမီး မြန်မာ
မဟုတ်ပါစေနဲ့ဟု ဆုတောင်းသော်လည်းမပြည့်ပါ။ စားသောက်နေသောနေရာတွင်
စားပွဲချင်း နီးကပ်နေရာ မြန်မာလိုပြောနေသည်ကို ကြားခဲ့ရပါသတဲ့။
အခြားလူတဦးမှာလည်း ဟိုတယ်တွင် ဘူဖေးစားရာတွင် မိမိ အလှည့်ကျတန်းစီ၍
ယူစားခြင်းစနစ်အစား လူတန်းကို ဖြတ်ကာ ဟိုဟင်းနှိုက်လိုက်၊ သည်ဟင်းခပ်ထည့်
လိုက်လုပ်ပါသတဲ့။ ဆိုရလျှင် တန်းစီခြင်း ဆိုသော အခြေခံလူ့ သင်ရိုး၊
ပြည်သူ့နီတိကိုမသိ။ ဆေးလိပ် မသောက်ရဆိုသော လေအေး ပေးစက်တပ် အခန်းထဲတွင်
ဆေးလိပ်သောက်ခြင်းသည် ရှက်စရာဆိုသော အခြေခံ ကျင့်ဝတ်တွေကို မသိကြတာ
လူမျိုးနှင့်နိုင်ငံအတွက် ရှက်စရာဖြစ်သည်။
မြန်မာတွေသည်
သူများမရှက်သောနေရာတွင်တော့ အလွန်ရှက်တတ်ကြသည်။ စာရေးသူသည်
နိုင်ငံခြားသားများနှင့် နှစ် ၂၀ ခန့် အနီးကပ်ဧည့်လမ်းညွန်အဖြစ် သွားလာ
လုပ်ကိုင်ကြဖူးရာ သူတို့၏ ဝတ်စားဆင်ယင်ပုံ၊ နေပုံထိုင်ပုံများကို
ရင်းနှီးမှတ်သားမိသည်။ မြန်မာအချို့သည် နိုင်ငံခြားသို့ (အားလပ်
ရက်အပန်းဖြေခရီးပင်ဖြစ်စေ)သွားရမည်ဆိုလျှင် ထူးပေ့ဆန်းပေ့ဆိုသော
အဝတ်အစားအသုံးအဆောင်များကို တကူးတက ရှာဖွေဝယ်ယူ သယ်ဆောင် ဝတ်ဆင်ကြသည်။
တန်ဖိုးကြီးပေ့ဆိုသော တံဆိပ် (Brand) များကို လူမမြင်မြင်အောင်ဝတ်ကြ၊
သုံးကြသည်။ ဈေးကြီးပေ့ဆိုသော ဖုန်းများကို တကူးတက ဝယ်ကိုင်ကြသည်။
နိုင်ငံခြားသို့ တီရှပ်ကလေးနှင့် ဂျင်းဘောင်းဘီ တပတ်ရစ်ကလေးနှင့် သွားလျှင်
ရှက်စရာဟုထင်ကြသည်။ နာရီအကောင်းစား၊ ပိုက်ဆံအိတ်အကောင်းစား၊ ဖိနပ်
အကောင်းစားများ စီးမသွားပါက ဂုဏ်ငယ်သည်ဟု ထင်ကာ ရှက်ကြသည်။
ကျွန်တော်တွေ့ဖူး
သော တိုးရစ်တော်များများသည်
သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ကြသည်မှတပါး
မင်္ဂလာဆောင်အခမ်းအနား တက်ရောက်လာသလို ဖြိုးဖြိုးပြက်ပြက်
ဝင်းဝင်းလက်လက်နှင့် ကမ္ဘာကျော် တံဆိပ်အမျိုးမျိုးကို
မော်ကွာဝတ်ဆင်လာသူမရှိသလောက် နည်းပါးလှသည်။ ဒင်နာစားလျှင်
သပ်သပ်ရပ်ရပ်ဝတ်ဆင်လာတတ်ကြပြီး အခြားအချိန်များတွင် ဝါကြွားဖို့ထက်
မိမိခန္ဓာကိုယ်သက်သောင့်သက်သာရှိသည့် အဝတ်အစားများကိုသာ ဈေးကြီးသည်ဖြစ်စေ၊
မကြီးသည်ဖြစ်စေ ဝတ်ဆင်တတ်ကြသည်။ လူက နှစ်ပြားမှမတန်သော်လည်း မြန်မာအချို့
သည် လက်ကိုင်အိတ် သိန်းရာနှင့်ထောင်နှင့်ချီတာကြီးတွေကို ဝတ်ရမှ
ဂုဏ်ရှိသည်ဟု ထင်တတ်ကြသည်။ မိမိယောက်ျားရသည့် လခက ဆယ်သိန်းဝန်းကျင်။
ဝတ်ထားသည့် လက်ဝတ်လက်စားများက မိုးကုတ်မှ ကျောက်ဆိုင် သူ့ ခန္ဓာကိုယ်ပေါ်
ရွေ့လာသည့်အလား။ ကမ္ဘာကျော် Branded လက်ကိုင်အိတ်များကို အခမဲ့
စပွန်ဆာရထားသည့်အလား ဝတ်ဆင် သုံးစွဲတတ်ကြခြင်းကို ရှက်စရာဟုမမြင်ကြပေ။ သူ၏
အဝတ်အစား အသုံးအဆောင် လော်မာပုံက ကျွန်မယောက်ျားဟာ ပိုက်ဆံတွေ မတရားနည်းနဲ့
အရမ်းချမ်းသာနေပါတယ်။ ကျွန်မတို့ဟာ သူခိုးတွေပါဟု မပြောသော်လည်း
ပြောနေသည့်သဖွယ်ဖြစ်နေတာကို ရှက်ရကောင်းမှန်းမသိပေ။
သူတပါးပစ္စည်းအားငှားပြီး ပြန်မပေးခြင်း၊ ချိန်းထားပြီး အချိန်
မလေးစားခြင်း၊ ကတိပေးပြီး ပျက်ကွက်ခြင်း၊ သူတပါးအိမ်သို့ မဖိတ်ခေါ်ဘဲ
မကြာခဏ သွားရောက်ခြင်း၊ မိမိရှိသမျှ ဥစ္စာပစ္စည်းများကို တဖက်သား
ကမမေးမြန်းဘဲ ကြွားဝါပြသခြင်း၊ ရှေးဟောင်းပစ္စည်းများကို ဖျက်ဆီးခြင်း၊
ကိုယ့်အပြစ်ကို ကိုယ်ဝန်မခံခြင်း၊ မိမိမှားသွားပါလျက် မတောင်းပန်ခြင်း၊
အားနည်းသူကို အနိုင်ကျင့်ခြင်းတို့သည် ရှက်ရွံ့ဖွယ်ကိစ္စများဖြစ်သည်။
မြန်မာတို့သည်
ကောင်းမြတ်သောအရာများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရှက်နေတတ် သော
လူများဖြစ်ပြီး၊ တကယ်တမ်း ရှက်ရွံ့စရာကောင်းသည်ဟု လူ့အသိုင်းအဝိုင်းက
သတ်မှတ်ထားကြသည်များကိုတော့ ရှက်ရကောင်းမှန်း မသိကြချေ။ ရှက်စရာကို
ရှက်စရာမှန်းမသိကြခြင်း၊ ကြောက်စရာကို ကြောက်စရာမှန်း မသိကြတော့ခြင်းသည်
လောက ပါလ တရားများပျက်သုဉ်းပြီး ဆိုးရွားသော လူ့အသိုင်းအဝိုင်း၏
အစပင်ဖြစ်ရာ ရှက်စရာကို ရှက်စရာမှန်းသိကြစေဖို့ မြန်မာတွေ သိကြချိန်တန်ပြီ
ဆိုသည့်အကြောင်းကို မြမြအား အကြောင်းပြု၍ မောင်းထုကြေညာလိုက်ရပါကြောင်း။
သရဝဏ် ( ပြည် )
No comments