"ပလ္လင်" ဆိုသည်မှာ
"ပလ္လင်" ဆိုသည်မှာ
"ပလ္လင်" ဟူသည် မြင့်မြတ်သော နေရာထိုင်ခင်းဖြစ်ကာ "ပလ္လင်" (၆) မျိုးရှိသည့်အနက်မှ လူမင်းတို့ထိုင်ရာကို "ရာဇပလ္လင်" ဟုခေါ်ဆိုကြသည်။
"ရာဇပလ္လင်" ၏ သတ်မှတ်ချက်များမှာတော့_
ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ -
၁၆ တောင်ရှိသော မဟာပလ္လင်
၈ တောင်ရှိသော မဇ္ဈိမပလ္လင်
၄ တောင်ရှိသော စူဠပလ္လင်တို့ ဖြစ်သည်။
"ပလ္လင်" တစ်ခုတွင်ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်းမြီး ၊ ယပ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သိကြား ၊ ကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူး ၊ ကြာ ၊ ဦးဆောက်ပန်း ဟူ၍ (၁၂) နေရာ ရှိပါတယ်။
မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် ပလ္လင်တော်ဟူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်ကာလမှ စတင်ပေါ်ထွန်းခဲ့ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ သမိုင်းအထောက်အထားများအရ သိရှိရသည်။မြန်မာ့သမိုင်းတွင် မြို့ပြယဉ်ကျေးမှုအစောဆုံး ထွန်းကားသော ပျူခေတ်ကပင် ပလ္လင်တော်သည် မြန်မာ့ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းတစ်မျိုးအဖြစ် စတင်ပေါ်ထွန်းခဲ့ကြောင်း သိရှိနိုင်သည်။
ပုဂံခေတ်တွင်လည်း အနော်ရထာမင်းလက်ထက်တွင် ရှင်အရဟံကို သင့်တင့်လျောက်ပတ်သောနေရာသို့ကြွစေရာ "ရာဇပလ္လင်" ပေါ်သို့ ကြွမြန်းသဖြင့် ပုဂံခေတ်တွင်လည်း ရာဇပလ္လင်ကို အသုံးပြုကြောင်းတွေ့နိုင်သည်။
ရှင်ဘုရင်မှလွဲ၍ မည်သူမျှ "ရာဇပလ္လင်"ပေါ်တွင် ထိုင်ခွင့်မရှိ။ တက်မိသူသည် အာဏာလုခြင်း (သို့မဟုတ်) ကြီးလေးသော သစ္စာဖောက်မှုကိုကျူးလွန်ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်သည် အချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အာဏာလုသည်ဟုမသုံးကြဘဲ "ပလ္လင်"လုသည်ဟု အသုံးပြုခဲ့ကြသည်။
မင်းတုန်းမင်းလက်ထက်တွင် နာမကျန်းဖြစ်စဉ်က အိမ်ရှေ့စံ ကနောင်မင်းသားက ဘုရင့်ကိုယ်စား တရားစီရင်ခဲ့ရာ "သီဟာသန" ပလ္လင်ပေါ်တွင် တက်ထိုင်၍ တရားစီရင်ခြင်းမဟုတ်ဘဲ ထို "ပလ္လင်" ကို လက်ဖြင့်သုံးသပ်၍ ဘုရင့်ကိုယ်စား တရားစီရင်ခြင်းဖြစ်သည်။
မြန်မာမင်းဆက်နောက်ဆုံးစိုးစံရာ ကုန်းဘောင်ခေတ်၌ ပလ္လင် (၈) မျိုး ရှိခဲ့သည်။ ထားရှိရာ နေရာကိုလိုက်၍ အရေအတွက်အားဖြင့် (၉)ခု ရှိခဲ့သည်။
No comments