New Artical

ပြောင်းပြန်စီးသောမြစ် (ဝတ္ထုတို)

 


ပြောင်းပြန်စီးသောမြစ် (ဝတ္ထုတို)

<><><><><><><><><><><><><><>
မနက်အစောကြီး လယ်တောသို့ သွားခါနီးမှ ဖိနပ်က ပြတ်သွားသည်။ခက်သည်က အသစ်မဝယ်နိုင်။ဖိနပ်မရှိ၍လည်းမဖြစ်။နွားစားကျက်ကုန်းတွင် ထိကရုန်းနှင့်ဂျဲဖောက်ဆူး(နွားစာကျက်ကုန်းများတွင်အလေ့ကျပေါက်သောဆူးပင်)ပေါသောကြောင့် ဖိနပ်မရှိ၍မဖြစ်။နှင်းမြ အတော်စိတ်အိုက်သွားသည်။ဖိနပ်ပြတ်လေးအားကိုင်ပြီး အိမ်ထဲပြန်ဝင်ခဲ့၏။အိမ်ထဲတွင် ပလတ်စတစ်ကြိုးစတစ်ခုရှာ၍ ဖိနပ်အား ပြန်သီနေမိသည်။
"အမေ သားဖိနပ်စီးသွားပါလား၊ သားကျောင်းသွားရင် ဖိနပ်မပါလဲဖြစ်ပါတယ်"
သားဖြစ်သူက ထိုသို့ပြောတော့ နှင်းမြ သားဖြစ်သူအား ဂျိုကြည့်ကြည့်လိုက်၏။
"ညည်း စာမကျက်ဘဲ ဘာလုပ်နေလဲ၊သွားစာသွားကျက်၊ကိုယ့်အလုပ် ကိုယ်လုပ်ပါအေ"
သားဖြစ်သူက မိခင် စကားကြမ်းကြမ်းပြောသည်နှင့် အထဲသို့ပြန်ဝင်သွားသည်။အမှန်ဆို သားအား နှင်းမြ မဆူချင်။သို့သော်လည်း နှင်းမြ မကြာခဏဆူတတ်သည်။သားလေးသည် မိခင်အပေါ်တွင် အရမ်းသိတတ်လွန်း၏။အိမ်တွင် ဟင်းမရှိ၍ ကြက်ဥတစ်လုံး ဝယ်ကြော်သောနေ့က သားလေးသည် ဗိုက်မဆာ၍ မစားတော့ဟု ပြော၏။မိမိ အကြိမ်ကြိမ်မေးမှ ဗိုက်မဆာရခြင်းအကြောင်းသည် အဒေါ်ဝမ်းကွဲဖြစ်သော နှင်းမြ၏ အမဝမ်းကွဲအိမ်တွင် စားလာခဲ့သည်ဟု ဖြေ၏။နှင်းမြ အတော်လေး ဒေါသထွက်သွားသည်။မိမိအား ဆင်းရဲ၍ ဆွေမျိုးများ နှိမ့်ချ ဆက်ဆံနေသည့်ကြားတွင် မည်သူ့ဆီမှလဲ အကူအညီမလိုချင်။ထို့ကြောင့် မိန်းမသားတန်မဲ့ ဘဝကို ခက်ခဲစွာ ရုန်းကန်နေမိ၏။
သားငယ်အား တခြားသူ အိမ်တွင် ထမင်းဝင်စားခြင်းကို နှင်းမြ မကြိုက်။ထို့ကြောင့် ထိုနေ့က သားငယ်အား မှတ်လောက်အောင် နှင်းမြ ရိုက်ခဲ့သည်။နောက်ရက်များမှ သိရသည်မှာ သားငယ်သည် ထိုနေ့က မည်သူ့အိမ်တွင်မှ ထမင်းဝင်မစားခဲ့ပေ။တစ်လုံးတည်းသော ကြက်ဥအား ပင်ပမ်းလွန်းလှသော မိခင် စားစေချင်၍ လိမ်ပြောခဲ့ခြင်းသာဖြစ်၏။ဤမျှ မိဘအပေါ် သိတတ်ရှာသော သားလေးရှေ့တွင် မိမိ၏ အားငယ်မှုများမပေါ်အောင် နှင်းမြ ဟန်ဆောင် ထိမ်းချုပ်နေရသည်။
စီးဖြစ်ရုံ ကြိုးဖြင့် သီထားသော ဖိနပ်လေးအား စီးကာ နှင်းမြ အိမ်မှ ထွက်ခဲ့၏။ဖိနပ်အသစ်အား ဝယ်ဖို့မဖြစ်နိုင်ပေ။မကြာခင် လကုန်တော့မည်ဖြစ်ရာ သားလေး၏ ကျူရှင်စရိတ်အား အပဲ့မခံနိုင်။မုဆိုးမ သားဆိုပြီး တခြားလူများ အမြင်တွင် သားလေးအား အနှိမ်မခံစေလို။ထို့ကြောင့် ရွာထဲမှ တခြား မိစုံဖစုံ ကျောင်းသားများနှင့်တန်းတူ အစစအရာရာအား နှင်းမြ ဖြည့်ဆည်းပေးခဲ့သည်။ယခု ဆိုလျှင် သားလေးပင် ရှစ်တန်းကျောင်းသား ဖြစ်ခဲ့ပြီ ဖြစ်၏။
*** *** *** ***
" တော်သလင်းနေ ပုဇွန်သေ၊တော်သလင်းမိုး ကန်သင်းကျိုး"ဟူသော စကားပုံရှိသကဲ့သို့ တော်သလင်းလ၏ နေသည် ပူမိလျှင် မခံမရပ်နိုင်အောင်ပူသည်။မိုးရွာပြီ ဆိုလျှင်လည်း ကန်သင်းရိုးများ ကျိုးကျအောင်အထိပင် ရွာတတ်လေသည်။၄ -၅ ရက်ခန့် ဆက်၍ ပူထားသောနေသည် ဤနေ့တွင် ဆိုင်းမပါ ဗုံမဆင့်ပါဘဲ ဝုန်းဒိုင်းကျဲ၍ မိုးရွာချလေ၏။နှင်းမြသည် လယ်တောတွင် စိုက်ပျိုးထားသော သခွား၊ခဝဲခင်းများအား ပေါင်းရှင်းနေရင်း မိုးရွာလာသည်မို့ နွားတင်းကုတ်ထဲသို့ ဝင်၍ မိုးခိုနေမိ၏။
ဤမိုးရွာပုံမျိုးနှင့် ငါးများ သေချာပေါက်ဆင်းမည်ကို နှင်းမြ ကြိုသိနေ၏။ငါးများသည် မိုးဦးကျပိုင်း၌ မိုးရေနှင့်အတူ ချောင်းမှ လယ်များဆီသို့ တက်လာကြ၏။ဒေသ အခေါ်အဝေါ်အရ ထိုအချိန်ရွာသောမိုးအား "ငါးတက်မိုး"ဟု ခေါ်ကြ၏။ယခုကဲ့သို့ မိုးနှောင်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပါက လယ်ထဲမှနေ၍ ချောင်းဆီသို့ ငါးများပြန်ဆင်းကြ၏။ထို့ကြောင့် မိုးနှောင်းမိုးအား "ငါးဆင်းမိုး"ဟု ခေါ်ကြလေသည်။
ထို"ငါးဆင်းမိုး"ရွာသည့်အချိန်တွင် လယ်နံဘေးရှိရေမြောင်းများတွင် ဆည်ခတ်၍ သော်လည်းကောင်း၊ယက်သဲ့(ငါးဖမ်းကိရိယာတမျိုး)ဖြင့်သော်လည်းကောင်း၊မြှုံးထောင်၍ သော်လည်းကောင်း ငါးဖမ်းလျှင် အလွန်ရတတ်၏။အထူးသဖြင့် ငါးခုံးနှင့် ငါးသလဲထိုးများ ရတတ်လေသည်။ငါးရံ့နှင့် ငါးပြေမများလည်းပါတတ်၏။ထိုသို့ ငါးရှာခြင်းအား ငါးခံသည်ဟု ခေါ်ကြ၏။
နှင်းမြ ငါးခံရန် စိတ်ကူးကြည့်သော်လည်း ဤ နေ့တွင် မိုးရွာမည်မထင်၍ ယက်သဲ့ မယူခဲ့မိပေ။ယက်သဲ့ ပါလျှင်တော့ ဟန်ကျပေမည်။ငါးသလဲထိုးသည် စျေးကောင်း၏။ရောင်းရလွယ်ကူသော ငါးဖြစ်သည်။ငါးကျလျှင် သုံးဖို့စွဲဖို့ ငွေ ရနိုင်ပေမည်။သို့သော် လယ်တောနှင့်အိမ်သည် ဝေးလွန်းသောကြောင့် ထိုစိတ်ကူးသည်ကား အထမမြောက်နိုင်တော့ပေ။ထိုနေ့က မိုးသည် ၂ နာရီခန့် ဆက်တိုက်ရွာသွန်းနေ၏။
မိုးစဲသွားသောအခါ နွားများအား နေရာရွှေ့၍ နှင်းမြ အိမ်သို့ ပြန်ခဲ့ ၏။အိမ်သို့ရောက်သော် သားတော်မောင်အား အိပ်ယာထက်တွင် စောင်ခြုံလျှက် ကွေးနေသည်ကို တွေ့ရ၏။ဤနေ့သည် ကျောင်းဖွင့်ရက် ဖြစ်၏။သားငယ် ကျောင်းမသွားသည်မှာ နေမကောင်း ဖြစ်၍လောဟု နှင်းမြ စိုးရိမ်သွားသည်။ထမင်းဆာနေပြီမို့ ထမင်းအရင်စားရန် နှင်းမြ မီးဖိုခန်းသို့ ဝင်ခဲ့၏။မီးဖိုခန်းတွင် ဒန်အိုးဖုံးတစ်ခု ဖုံးလျှက်သား ဒန်အိုးကို တွေ့သောအခါ ဖွင့်ကြည့်မိ၏။
ဒန်အိုးထဲတွင် ငါးခုံးမများနှင့် ငါးသလဲထိုး အနည်းငယ်အားတွေ့ရ၏။နှင်းမြ သားတော်မောင် ကျောင်းမသွားရခြင်း အကြောင်းရင်းအား သိလိုက်လေပြီ။သားတော်မောင်သည် ကျောင်းမသွားဘဲ ငါးခံသွားခဲ့ခြင်းဖြစ်လိမ့်မည်။ဒေါသများ အလိပ်လိုက် ထွက်လာ၏။မီးဖိုအောက်တွင် တွေ့ရသော ဝါးခြမ်းပြားအားယူ၍ အိမ်ရှေ့သို့ ထွက်လာခဲ့မိသည်။
"ဟေ့ကောင် သက်ပိုင် ထစမ်း"
စိတ်ကြည်လျှင် သားငယ်ဟု ခေါ်တတ်သော်လည်း ယခုကဲ့သို့ ဒေါသထွက်နေလျှင် သက်ပိုင်ဟုသာ နှင်းမြခေါ်တတ်၏။သက်ပိုင်သည် မိခင် အသံကြားသည်နှင့် အိမ်နေရာမှ ထိုင်လိုက်၏။
"ဗျာ မေမေ"
"မင်း ကျောင်းမတက်ဘဲ ဘာသွားလုပ်တာလဲ"
သက်ပိုင် မဖြေပေ။ဦးခေါင်းအား ကြမ်းပြင်သို့ စိုက်ကြည့်ရင်း ဘာသံမျှထွက်မလာ။
"ဟဲ့ကောင် ဖြေလေ၊မင်းအ နေတာလား"
"သား မိုးတအား ရွာနေလို့ ငါးခံသွားချီတာပါ မေမေ"
"အော် ညည်းက ငါရှာပေးတဲ့ ဟင်းတွေနဲ့ ထမင်းမဝင်လို့ ကိုယ့်ဟာကိုယ် သွားရှာတာပေါ့လေ"
"မဟုတ်ပါဘူး မေမေ"
"ဘာ မဟုတ်တာလည်း ဆင်ခြေ ဆင်လက်တွေ ငါကို ပြန်မပေးနဲ့ ရော့ အဲဒါ ခံချင်အုံးငါး"
"ချွမ်း--ချွမ်း--ချွမ်း---"
နှင်းမြ အဆက်မပြတ် ရိုက်နေမိသည်။သို့သော် သက်ပိုင်မငိုပေ။တခုခုကို ကျေနပ်နေသည့်အလား မျက်နှာအမူအရာအား တွေ့ရ၏။နှင်းမြ လက်ညောင်းလွန်း၍ သာ အရိုက်အား တန့်လိုက်၏။
"ညည်း ထမင်းစားပြီးပြီလား"
"မစားရသေးပါဘူး မေမေ၊သား ချမ်းလို့ စောင်ခြုံထဲ ခဏဝင်နေတာပါ"
"ချမ်းမှာပေါ့ ဒီလောက် မိုးရွာထဲမှာ ငါးသွားရှာနေတာကို၊ညည်းကို ဒါဏ်ခတ်တဲ့ အနေနဲ့ ဒီနေ့ ထမင်းမကျွေးဘူး။သွား နေ့လည်ကျောင်း မီသေးတယ်၊သွားတက်ချေ။ညည်း အိမ်မှာနေရင် ငါရိုက်လို့ သေတော့မှာ။"
နှင်းမြ စကားဆုံးသည်နှင့် သက်ပိုင်သည် ခေါင်းရင်းတိုင်တွင် ချိတ်ထားသော လွယ်အိပ်အားယူလျှက် ကျောင်းသို့ထွက်သွားလေသည်။ထိုအခါမှ နှင်းမြသည် သား၏ ကျောပြင်အား ငေးလျှက် မျက်ရည်များ တသွင်သွင် စီးဆင်းနေတော့၏။အမှန်တွင် သားလေးအား နှင်းမြ မရိုက်ချင်ပါ။သို့သော် ဖခင်မရှိတော့သောသားမို့ မိခင်အား အားမနာမည် စိုး၍ ငယ်ကတည်းကပင် ခြောက်လှန့်၍ အုပ်ချုပ်နေခဲ့ရခြင်းသာ ဖြစ်၏။သားငယ်အား မှတ်လောက်စေရန်သာ ဆုံးမရသော်လည်း ထိုသို့ ဆုံမပြီးတိုင်း နှင်းမြ ကွယ်ရာတွင် ငိုခဲ့ရသည်သာ ဖြစ်၏။
ထမင်းအိုးအား ဖွင့်ကြည့်စဉ်တွင် သားငယ် အမှန်ပင် မနက်စာထမင်း မစားရသေးကြောင်းသိရ၏။ဒေါသအလျှောက် ပြောလိုက်မိသောကြောင့် သားငယ်သည် ထမင်းမစားဘဲ နေ့တပိုင်း ကျောင်းတက်ရန် သွားရ၏။မိမိထမင်းစားပြီးလျှင် သားငယ်အတွက် ထမင်းသွားပို့ပေးရမည်ဟု တွေရင်း နှင်းမြ ထမင်းကိုဆက်စားနေမိ၏။
ထမင်းစားပြီးသောအခါ သားငယ်အတွက် ထမင်းပို့ရန် ခူးခပ်နေစဉ် အိမ်ရှေ့မှ မိမိနာမည်အား ခေါ်သံကြားရ၏။
"ဟဲ့ နှင်းမြ၊အထဲမှာ ရှိလား"
"ဟုတ် ရှိပါတယ် အမလှသိန်း"
"အေး ရှိရင် ခဏအပြင်ထွက်ခဲ့အုံး"
နှင်းမြသည် ထမင်းခူးခြင်းအားရပ်ပြီး အပြင်သို့ ထွက်လာခဲ့မိ၏။အပြင်သို့ရောက်သော် အမလှသိန်းသည် တစ်ထောင်တန် ငါးရွက်နှင့် ဖိနပ်တရံအား မိမိထံသို့ပေးလျှက်
"ညည်းနဲ့တော်မတော်တော့ မသိဘူးအေ။သက်ပိုင်တိုင်းပေးလိုက်တဲ့ တုတ်အတိုင်းနဲ့ ဝယ်ခဲ့တာဘဲ။၃၀၀၀ ပေးရတယ်။ဒါက ပိုတဲ့ငွေ"
"အမသိန်း ဒီငွေတွေက"
နှင်းမြ အံ့သြစွာ ထိုသို့ ပြောတော့
"သက်ပိုင် ငါးရောင်းဖို့ ပါးလိုက်တဲ့ ငွေတွေလေ။သက်ပိုင်မှာဒီနေ့ ငါးအတော်ရတယ်ဟ။ငါးသလဲထိုး ၁ ပိဿာ ငါနဲ့ဟိုဘက်ရွာမှာ ရောင်းဖို့ပါးလိုက်တာ။အပြန်မှာ ညည်းအတွက် ဖိနပ်တရံမဖြစ်ဖြစ်အောင် ဝယ်ခဲ့ပါတယ်။သူ့အမေ မနက်တုန်းက ဖိနပ်မပါဘဲ လယ်တောသွားရတာ မကြည့်ရက်ဘူးတဲ့လေ။ညည်းသားကတော့ ရှာမှရှားပါးအေ။မအေကို သည်လောက် သိတတ်တဲ့ကလေး ကြီးလာရင်တော့ ကြီးပွားချမ်းသာအုံးမှာ။ငါလည်း ထမင်းမစားရသေးဘူး သွားလိုက်အုံးမယ်"
ခြံထဲမှ ထွက်သွားသော အမလှသိန်း၏ ကျောပြင်အားကြည့်လျှက် နှင်းမြ သားငယ်အား မြင်ယောင်လာလေသည်။ဤမျှမိမိရိုက်နေသည်ကို မျက်နှာတချက်မတွန့်ခဲ့သော သားငယ်သည် မိမိအား ဤဖိနပ်လေးကို ဝယ်ပေးနိုင်ခဲ့ခြင်းကြောင့် ကျေနပ်နေခြင်း ဖြစ်ပေလိမ့်မည်။မိမိ အမှားကြီး မှားခဲ့၏။မစူးစမ်း မဆင်ခြင်ဘဲ သားငယ်အား အပြစ်ပုံချ၍ ရိုက်နှက် ဆုံးမမိလိုက်ပြီ။ဖိနပ်လေးအား ကြည့်လျှက် မျက်ရည်များ တသွင်သွင် စီးဆင်းလာမိ၏။
မြစ်တို့မည်သည် မြောက်မှတောင်သို့ အမြဲစီးဆင်းတတ်သော်လည်း တခါတရံတွင် နယ်မြေတောတောင်များအရ တောင်မှမြောက်သို့ စီးဆင်းခဲ့ရသော မြစ်ချောင်းများလည်းရှိလေသည်။မိဘမေတ္တာသည် စုန်ရေသာရှိသည်ဟု နှင်းမြကြားဖူး၏။တခါတရံ စုန်ရေ အားနည်းလာချိန်တွင် သားသမီးများမှ ဆန်ရေဖြင့် ပြန်လည် ဖြည့်ဆည်းပေးတတ်ကြသည်ကို နှင်းမြ ယခုနားလည်ခဲ့လေပြီ။
နောင်တွင် သားငယ်အား မည်သည့် ကိစ္စ၌မဆို ရိုက်နှက်မဆုံးမတော့ ရန် ဆုံးဖြတ်ရင်း နှင်းမြ နောင်တကြီးစွာဖြင့် မျက်ရည်များအား သုတ်လိုက်မိလေတော့သည်။
 
ဆန်းသူရိန်(ခရမ်းကျွန်း)

No comments