သမိုင်းဝင်မျှောလေးမျှောဘုရားများ
သမိုင်းဝင်မျှောလေးမျှောဘုရားများ
🌿 သမိုင်းဝင်မျှောလေးမျှောဘုရားရုပ်ပွားတော် များသည် အရပ်ဒေသ လေးခုသို့ ရောက်ရှိသီတင်းသုံး စံပယ်တော် မူလျှက်ရှိကြပါသည်။
ဘုရားရှင်ကိုယ်စား ကိုယ်ပွားတော်များ ထုလုပ်၍ ဖောင်လေးစင်းပေါ်သို့ အသီးသီးတင်ကာ ပင်လယ်သို့ မျောလိုက်သော ရုပ်ပွားတော်လေးဆူသည် ယခုအခါ လူသိများထင်ရှားလှသည့် တန်ခိုးကြီးဘုရားများ အဖြစ် မြန်မာနိူင်ငံ၏ ဒေသလေးခုတွင် ကျိန်းဝပ်လျှက် ရှိကြပါသည်။
🌿ခရစ်သက္ကရာဇ် ၁၄၀၉ ခုတွင် လင်္ကာဒီပကျွန်း၊ သီဟိုဠ်နိူင်ငံ( ယခု သီရိလင်္ကာ ) ၌ ဆဋ္ဌမမြောက် သိရိပရက္ကမဗာဟုမင်း ထီးနန်းစိုးစံအုပ်ချုပ်လျှက်ရှိ လေရာမှ နန်းသက်(၁၀)နှစ်ခန့်အကြာတွင် ဗုဒ္ဓဘာသာ သာသနာတော်ကို ကြည်ညိုလှသူဖြစ်သဖြင့် အခြား သော ပင်လယ်ရပ်ခြားဒေသများတွင်ပါ ဗုဒ္ဓသာသနာ ထွန်းကားစေလိုသောဆန္ဒ ဖြစ်ပေါ်လျှက်ရှိပါသည်။
🌿 ထို့ကြောင့် ဗုဒ္ဓပွင့်တော်မူရာ အိန္နိယနိူင်ငံမှ မဟာ ဗောဓိညောင်ပင်၏ မျိုးကိုယူကာ အနုရာဓမြို့၌ စိုက်ပျိုး ထားသည့်ဗောဓိညောင်ပင်၏ လက်ယာတောင်ကိုင်းကို ဆေးဒန်း၊ မြင်းသီလာနှင့် ရစ်ပြီး အရွက်၊အခက်၊အပွေး
အခေါက်၊အကိုင်းတို့ကို ထုထောင်း အမှုန့်ပြု၍ ~ ကျောက်သား အင်္ဂတေတို့နှင့် ရောစပ်ကာ ဗုဒ္ဓရုပ်ပွားတော် လေးဆူထုလုပ်ရာ (၇)ရက်နှင့် ပြီးစီးသွားသဖြင့် မြတ်စွာဘုရား၏ သရီရဓာတ်တော် ဆံတော်တစ်ဆူစီ ထည့်သွင်း ဌာပနာ ထားရှိပါသည်။
🌿 ထို့နောက် ရုပ်ပွားတော်လေးဆူအား...
🔸 ကျောက်လှည်းဘီးပလ္လင်ခံ၍ တစ်ဆူ
🔸 ကျွန်းတုံးပလ္လင်ခံ၍ တစ်ဆူ
🔸 သင်္ကန်းတုံးပလ္လင်ခံ၍ နှစ်ဆူ ပြုလုပ်ကာ သရီရဓာတ်တော်၊ဆံတော်မြတ်တို့ စံပယ်တော် မူထိုက်သော အရပ်ဌာန၌ သီတင်းသုံးတော်မူ၍ သာသနာနှစ်ငါးထောင်တိုင် နတ်လူတကာတို့ ပူဇော်နိူင်အောင် တည်တံ့ ခိုင်မြဲနိူင်ပါစေသတည်း ဟူ၍ အဓိဌာန်ပြုလျှက် ဖောင်တခုစီပေါ် ရုပ်ပွားတော် အသီးသီးအား တင်ကာ ဇမ္ဗူလောက သင်္ဘောဆိပ်မှ ပင်လယ်တွင်းသို့ မျှောလိုက်လေတော့သည်။
🌿သီဟိုဋ္ဌ်ကျွန်း(သီရိလင်္ကာ)မှ မျှောလွတ်လိုက်သော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူစီ တင်ဆောင်ထားသည့် ဖောင်တော် လေးစီးသည် မြန်မာနိူင်ငံသို့ ဆိုက်ရောက် လာခဲ့ပြီး ......
🔸သင်္ကန်းတုံးပလ္လင်ခံနှင့်ဉာဏ်တော် ၂ပေခန့်ရှိသော ရုပ်ပွားတော် တင်ဆောင်လာသည့်ဖောင်တော်သည် (ယခုအခေါ်)ထားဝယ်မြို့၊ ရှင်မုတ္ထီး ကမ်းခြေသို့ ဆိုက်ရောက်တော်မူသဖြင့် ပင့်ဆောင်ပူဇော်ကြရာ ယခုအခါ ရှင်မုတ္ထီးဘုရားဟု လူသိများထင်ရှားနေပါသည်။
🔸သင်္ကန်းတုံး ပလ္လင်ခံနှင့် ဉာဏ်တော် ၃ပေရှိသော ရုပ်ပွားတော်တင်ဆောင်လာသည့် ဖောင်တော်သည် (ယခုအခေါ်) ကျိုက္ခမီကမ်းခြေသို့ ဆိုက်ရောက်တော် မူသဖြင့် ပင့်ဆောင်ပူဇော်ကြရာ ယခုအခါ ကျိုက္ခမီ ရေလယ်ဘုရားဟု လူသိများထင်ရှားနေပါသည်။
🔸ကျောက်လှည်းဘီပလ္လင်ခံနှင့် ဉာဏ်တော် ၃ပေခွဲ ရှိသောရုပ်ပွားတော် တင်ဆောင်လာသည့်ဖောင်တော်သည် (ယခုအခေါ်) ကျိုက်ထိုမြို့၊ဆိပ်ကမ်းတခုသို့ ဆိုက်ရောက်တော်မူသဖြင့် ပင့်ဆောင်ပူဇော်ကြရာ ယခုအခါ ကျိုက်ပေါလောမှဲ့ရှင်ဘုရားဟု လူသိများ ထင်ရှားနေပါသည်။
🔸ကျွန်းတုံးပလ္လင်ခံနှင့် ဉာဏ်တော် ၃ပေခွဲရှိသော ရုပ်ပွားတော် တင်ဆောင်လာသည့် ဖောင်တော်သည် ငပုတောမြို့ အပိုင်၊ ကျောက်ကလပ်ရွာ(ယခင်ပုသိမ်ဒေသ)ပင်လယ်ကမ်းစပ်အနီး ကျောက်ကလပ်ကြီး ပေါ်တွင် တင်ရှိနေသဖြင့် ထိုရွာမှပင့်ဆောင်ပူဇော်ကြပြီး ဘုန်းတော်ပြည့်ဘုရားဟူ၍ ထင်ရှားလာသော်ဘုရား အနီးရှိ တံငါတဲအိမ်စုလေးများမှာလည်း ဘုန်းတော်ပြည့်ရွာ ဖြစ်လာလေတော့သည်။
ခရစ်သက္ကရာဇ် ၁၄၅၂ ခုတွင် ဟံသာဝတီ၌ ထီးနန်းစိုးစံနေသော ဘုရင်မကြီးရှင်စောပုမှ ဘုန်းတော် ပြည့်ဘုရားအား ဆိပ်ကမ်းမြို့ကြီးအဖြစ် စည်ကားနေသော ပုသိမ်မြို့၏ ရွှေမုဋ္ဌောဘုရားဆီသို့ ပင့်ဆောင်ပူဇော်ထားရှိသဖြင့် ယခုအခါ သီဟိုဋ္ဌ်ရှင်တန်ဆောင်း ၌ ကျိန်းဝပ်စံပယ်တော်မူလျှက် ရှိပါသည်။
🌿 ရုပ်ပွားတော်မြတ်များသည် မတူညီသောအရပ်ဒေသအသီးသီးသို့ ရောက်ရှိ၍ ပူဇော်ခံလျှက်ရှိနေ ကြသော်လည်း အလွန်ထူးခြားလှသည့် တူညီသော အချက်မှာ သီရိလင်္ကာကျွန်းရှိရာအနောက်တောင် အရပ်သို့ မျက်နှာမူလျှက်ရှိကြခြင်းပင်ဖြစ်ပါသည်။ အခြားဘက်သို့ မျက်နှာတော် လှည့်ထားမိလျှင် သူ့အလိုလို မူလနေရာသို့ ပြန်လှည့်သွားကြသည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။
🌿 ကြည်ညိုဖွယ်ရာ၏ ဓမ္မမိတ်ဆွေ အပေါင်းတို့လည်း ထူးခြားလှသည့် မျှောလေးမျှော ရုပ်ပွားတော်မြတ်များ က်ိန်းဝပ်စံပယ်လျှက်ရှိသော ဒေသအသီးသီးသို့ တခါတခေါက် ရောက်ရှိခဲ့ပါလျှင် သွားရောက်ဖူးမျှော် ကြည်ညိုနိူင်ကြပါရန် အကျိုးမျှော်နှိုးဆော်တင်ပြ အပ်ပါသည်
No comments