New Artical

ပုဂံအမွေအနှစ်နဲ့ သက်ဆိုင်သောနိုင်ငံသားများသို့


၁၁ရာစု ပုဂံခေတ်ကိုပြောမယ်ဆိုပါတော့ နဂါးရုံဘုရားရယ် အပါယ်ရတနာ ဘုရားရယ်သာ ကြွင်းကျန်မနေခဲ့ဘူး ဆိုရင် ၁၁ရာစု ပုဂံခေတ်ဟာ အတော်ချိနဲ့သွားမှာပဲ။ ၁၁ ရာစုရဲ့ စံနမူနာ အာနန္ဒာ၊  နဂါးရုံနဲ့ အပါယ်ရတနာ စေတီတို့ရဲ့တန်ဖိုးက ကြီးမြတ်ပါတယ်။


၁၁ရာစု ပုဂံခေတ်က စေတီပုထိုး ၅၀ ကျော်လောက်ပဲ ရှိမှာပါ။ ဒီအထဲမှာ အနော်ရထာရဲ့ခေတ်က ရွှေစည်းခုံတို့ ရွှေဆံတော်တို့လို Stupa ခေါ်တဲ့ မြေစိုက်စေတီကြီးတွေသာ တည်ထား ကိုးကွယ်ခဲ့တော့ နံရံပန်းချီ ကိုတွေ့ရမှာ မဟုတ်ဘူး။


ဩီဝဇာဘရဏ ခေါ်တဲ့ စောလူးမင်း လက်ထက်ရောက်မှ  ပုထိုးသားများစေတီလို သြီတြိဘုဝနာဒိတျ ဓမ္မရာဇ် ခေါ်တဲ့ ကျန်စစ်မင်းကြီးတို့ လက်ထက်ရောက်မှ အာနန္ဒာတို့လို နဂါးရုံ တို့လိုအပါယ်ရတနာတို့လို Temple ခေါ်တဲ့  အတွင်းလှိုဏ်ပါတ် လမ်းနဲ့ ပုထိုးတော်ကြီးတွေကို တည်ထား ကိုးကွယ်ခဲ့ကြတော့မှ အတွင်းလှိုဏ် ပါတ်လမ်း နံရံတွေပေါ်မှာ ဗုဒ္ဓဝင်ဇာတ်နိပါတ်တွေကို နံရံပန်းချီအတင့်အတယ် ရေးဆွဲခဲ့တာကို တွေ့ကြရမှာပါ။


အဲဒီ ၁၁ရာစုခေတ် နံရံပန်းချီကို နှိုင်းယှဉ်လေ့လာဖို့ဆိုရင် ၁၁ရာစုခေတ် နံရံပန်းချီက ပုဂံမှာ ရှားပါး လွန်းလှပါတယ်။ စောလူးမင်းရဲ့ ကုသိုလ် ပုထိုးသားများ ဘုရားမှာ နံရံပန်းချီ ဇာတ်ကွက်တွေကို ဖွားတော်မူခန်း ၊ ကာဠဒေဝီရသေ့အား ဘုရားလောင်းကိုပြခန်း စသည်ဖြင့် ကြီးမားတဲ့ ဇာတ်ကွက် ဧရိယာတွေနဲ့ စီစဉ်ရေးဆွဲခဲ့တာ ကြွင်းကျန်ရစ်ပါတယ်။


ဒါပေမယ့် စောလူးမင်းရဲ့ ကုသိုလ် မြင်းပြဂူက နံရံပန်းချီ ကတော့ နံရံပန်းချီရေးဆွဲ ခဲ့တယ်ဆိုတာလောက်ပဲ ပြောနိုင် ပါတော့မယ်၊ ကုန်ဆုံး ပျက်စီးခဲ့ပါပြီ။ စောလူးမင်းပြီးတော့ ကျန်စစ်သားမင်း တည်ထားခဲ့တဲ့ အာနန္ဒာစေတီတော်၊ အနုမှာ အာနန္ဒာ အမည်တွင်ပေမယ့် နံရံပန်းချီကို မတွေ့ရတော့ မပြည့်စုံသလိုဖြစ်ခဲ့ကြရပါတယ်။  အတွင်းလှိုဏ်၂ထပ်နဲ့ ပုထိုးတော်ကြီးမှာ ဘာလို့များ နံရံပန်းချီ  မရှိတာလဲလို့ မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရပါတယ်။၊ 


မကြာခင်ကမှ နံရံပန်းချီတွေဟာ ဂေါပက အဆက်ဆက်က သုတ်ခဲ့တဲ့ ထုံးတွေရဲ့ အောက်မှာ ပျောက်ဆုံး ခဲ့ရပြီလို့ ဖော်ထုတ် တွေ့ရှိခဲ့ကြရတော့  အိန္ဒိယရှေးဟောင်း သုတေသနက ဒေါ်လာ ၂ သန်းခွဲ အကုန်ကျခံ လှူဒါန်းပြီး ထုံးချွတ်ပေးတော့မှ မြောက်ဖက်မုဒ် အဝင် ဘယ်ညာ  ၂ခန်းစာ ပေါ်ထွက်လာတဲ့ အဖြူအမည်းနဲ့ပဲ ပြန်ရခဲ့ကြတဲ့ အာနန္ဒာ နံရံ ပန်းချီက ၁၁ ရာစု ပုဂံရဲ့ နံရံပန်းချီထဲမှာ အနည်းငယ် ပြန်မြင်တွေ့လာခဲ့ရခြင်းပါ။ ပြီးတော့ ကျန်စစ်မင်းကြီးရဲ့ ကုသိုလ်တော် နဂါးရုံစေတီက  နံရံ ပန်းချီနဲ့ မိဘုရား အပါယ်ရတနာရဲ့ ကုသိုလ်တော်  အပါယ်ရတနာ စေတီရဲ့ နံရံပန်းချီတို့သာ ၁၁ ရာစု ပုဂံခေတ်ရဲ့  နံရံ ပန်းချီအဖြစ် စာရင်းတွေ့ကြရမှာ ဖြစ်ပါတယ်။


အဲဒီ နောက်တော့ ခရစ်နှစ် ၁၁၁၃ မှာ သေခမူနာတဲ့ သေခါနီး ဆဲဆဲကျန်စစ်မင်းကြီးဟာ ရာဇကုမာရ်ရဲ့ ကျောက်စာထဲမှာ မြင်းကပါ ဂူပြောက်ကြီးကို ​ရေစက်ချနေပါပြီ။  အဲဒီနောက်တော့ ၁၂ရာစုထဲကို ရာဇကုမာရ် ရဲ့ ဂူပြောက်ကြီးနံရံပန်းချီက ဦးဆောင် ဝင်ရောက်သွားပါပြီ။ ဒါ့ကြောင့် စောလူးမင်းရဲ့ ပုထိုးသားများ၊ ကျန်စစ်သားရဲ့ နဂါးရုံ၊ အပါယ်ရတနာ၊ အာနန္ဒာတို့ သာ မတည်ဆောက်ခဲ့ဘူးဆိုရင်.. အနော်ရထာရဲ့ စွယ်တော်လေးဆူ နယ်နိမိတ်နဲ့ ပုဂံဟာ ပြီးပြည့်စုံတဲ့ လက်နက်နိုင်ငံတော်ကြီး တစ်ခုဖြစ်ထွန်းခဲ့တယ်လို့ သက်သေခံဖို့ မလွယ်ကူသလို  လက်တွေ့ဘဝ မှာလည်း မြစ်ဖျားခံခဲ့တဲ့ ယဉ်ကျေးမှု တို့လာရာ  သက်သေခံ အနုပညာပစ္စည်း မရှိတဲ့ မြန်မာလူမျိုးများဆိုတဲ့ ဘဝကို ဆိုက်ရောက်ကြရမှာ အမှန်ပါပဲ။


နဂါးရုံနဲ့ အပါယ်ရတနာ စေတီနှစ်ဆူသာလျင် ၁၁ရာစုခေတ် နံရံပန်းချီအတွက် အားထားစရာ နံရံပန်းချီဧရိယာ စတုရန်းပေ များစွာ ကြွင်းကျန်လျက် တည်ရှိနေခြင်းပါ။ ဒါ့အပြင် နိုင်ငံနဲ့ လူမျိုးအတွက် ယဉ်ကျေးမှု အနုပညာလာရာ လမ်းကြောင်းက သက်သေခံပစ္စည်း အဖြစ်လည်း များစွာအရေး ကြီး သလို ၁၁ရာစု ဧရာဝတီညောင်ဦးကမ်းပါးက ရှေးမြန်မာလူ့အဖွဲ့ အစည်းက နောက်လူများအတွက် ထားခဲ့တဲ့ စေတနာ သဒ္ဒါတရားလို့လည်း အဓိပ္ပါယ်ရပါတယ်။

၁၁ ရာစု ပုဂံခေတ်က ရှေးမြန်မာထီးဆောင်းမင်းတစ်ပါးနဲ့  သူ့ရဲ့ မိဘုရား တစ်ပါးဟာ စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ နောက်လူ များအတွက်ပါရည်ရွယ်ပြီး စေတီတော် ၂ ဆူကို အတူ ယှဉ်တွဲပြီး ကပ်လျက် တည်ဆောက်လှုဒါန်းပူဇော်ခဲ့ကြ ပါလိမ့်မယ်။


ဒါပေမယ့် ယနေ့ခေတ်လူ့အဖွဲ့အစည်းကတော့ နဂါးရုံနဲ့ အပါယ် ရတနာစေတီ၂ ဆူထက် ကတ္တရာလမ်း တစ်လမ်းကို ပိုပြီးလိုအပ်ခဲ့ ကြပုံပါပဲ၊  ကျန်စစ်မင်းရဲ့ နဂါးရုံဘုရားနဲ့ အပါယ်ရတနာ ဘုရားတို့ရဲ့ အလယ်ကနေ ညောင်ဦးနဲ့ ပုဂံမြို့သစ်သို့ အသွား ကတ္တရာလမ်း ကို ဖောက်လုပ်ခဲ့ကြပါတယ်။ မြတ်သောတရားမင်းလို့ အမည်ရတဲ့ သြီတြိဘုဝနာဒိတျ ဓမ္မရာဇ်၊  အများအခေါ် ကျန်စစ်သားမင်းရဲ့ နဂါးရုံဘုရားနဲ့ မိဘုရားရဲ့အပါယ် ရတနာဘုရားတို့ဟာ ဒီနေ့ခေတ် ညောင်ဦးနဲ့ ပုဂံမြို့သစ်မှ ချောက်မြို့ သွားတဲ့ လမ်းရဲ့ ဘယ်ညာမှာ ဘုရင်ကြီးနဲ့ မိဘုရားတို့ဟာ ကွဲလျက် ကျရောက် တည်ရှိသွားခဲ့ကြပါတယ်။


ဇနီးမောင်နှံ ၂ယောက်အပေါ် ယနေ့ လူ့အဖွဲ့အစည်းရဲ့  တုံ့ပြန်ပြုမူ ပုံက စိတ်မကောင်းစရာပါ။ ရှေးမြန်မာတွေရဲ့ စေတနာ သဒ္ဒါတရားဟာ ယနေ့ခေတ် လူ့အဖွဲ့အစည်းနဲ့ ထိုက်တန်ပါရဲ့လားလို့ မေးလာခဲ့ရင်လဲ ဖြေဖို့ ခက်မှာ အမှန်ပါ။ ဒါ့အပြင် အပါယ်ရတနာ ဖက်ခြမ်းက လမ်းအစပ်မှာ ပုဂံခေတ်က စဉ့်ဖို့ ထွက်ပေါက်ကို ရှာဖွေဖော်ထုတ် တွေ့ရှိရပေမယ့် စဉ့်ဖိုကတော့ မြို့သစ်သို့သွားတဲ့ လမ်းမအောက်မှာ ကျရောက်သွားခဲ့လို့ ချော်ထွက်ပေါက် မြေကျင်းကလေးကိုသာ ပုဂံခေတ်က စဉ့်ဖိုလို့ သစ်သားလေးတန်းကာ ပြသထားနိုင် ရှာပါတော့တယ်။


ပြောလိုတာက.. ပုဂံ​ရှေးဟောင်းယဉ်ကျေးမှု နယ်မြေပေါ်မှာ လမ်းအသစ် ခင်းသမျှဟာ အကုသိုလ်သာလို့ သိသာစေရန်ပါ။ ဒီ့ထက်ကြီးမားတဲ့ မိုက်မည်းမှုကိုလည်း ကျွန်တော်တို့ ကျူးလွန် ထားမိခဲ့ကြပါတယ်။ ထီးလိုမင်းလို အလိုတော်ပြည့်၊ စူဠာမဏိ၊ ဓမ္မရံကြီး၊ အာနန္ဒာ၊ သဗ္ဗညု၊ ရှေဆံတော်ဆိုတဲ့ စေတီပုထိုး အမွေအနှစ်  အစုအဝေး လိုက်ကြီး ဒီနေရာနားမှာပဲ ကြွယ်ဝစွာ ကြွင်းကျန် တည်ရှိနေပါလျက် နှလုံးသားတည့်တည့်ကို ဓါးနဲ ့ခွဲချလိုက်သလို  အလယ်တည့်တည့် ကနေ လမ်းမကြီး ဖောက်လုပ်ခဲ့ကြပါတယ်။


လမ်းစဉ်ပါတီဥက္ကဌကြီးလက်ထက် ဆူဟာတိုက လက်ဆောင် ပေးခဲ့တဲ့လမ်းလို့ဆိုပါတယ်။ ညောင်ဦး စာတိုက်လမ်းဆုံကနေ ဧရာဝတီမြစ်ထိပ်က  အိမ်တော် ဆိုတဲ့ ဧည့်ဂေဟာထိ ပေါက်တဲ့  အာနန္ဒာတောင်ဖက်က လမ်းပါ။  ​စေတီပုထိုး အုတ်ကုန်းတွေ ဒီလမ်းမကြီးအောက်ကို  ဘယ်လောက်ရောက်ခဲ့ရသလဲ မသိနိုင် တော့ပါ။ ရှေးမြန်မာ ထီးဆောင်းမင်းများရဲ့ ကုသိုလ်တော်စေတီကြီးတွေ အာနန္ဒာ၊ သဗ္ဗညုက လမ်းမြောက်ဖက်၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ စူဠာမဏိတို့ လမ်းတောင်ဖက် ခွဲလျက်သားအဖ မြေးမြစ်တွေရဲ့ ကုသိုလ်တော်တွေ တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ကြပါတယ်။

ပုဂံ ကမ္ဘာ့အမွေအနှစ်ခရီး ပထမ အကြိမ်က  ဒီ ဆူဟာတို လမ်းမကြီးကြောင့်ပဲ အငြင်းပယ်ခံခဲ့ ရဖူးပါတယ်။ ဒီအမွေအနှစ်အစုအဝေးကြီးကို အလယ်တည့်တည့်ကနေ  ခွဲ ချလိုက်တာ မင်းတို့ အဲဒါ ဘာလုပ်ကြတာလဲတဲ့။ ဖြေဖို့ ခက်ပါတယ်။ ဒီမေးခွန်းအပြင် ရှေးမြန်မာကြီးတွေရဲ့ စေတနာ သဒ္ဒါတရားတွေက အခုခေတ် လူ့အဖွဲ့အစည်းနဲ့ရော ထိုက်တန်ပါသလား ဆိုတာရယ်ပါ။ ဒီလိုတွေ မှားတာမျိုး နောင်မမှားဖို့လိုတဲ့ကြားက ကုန်း အတုဆောက်တယ်၊ အဆင့်မြင့် ကားပတ်ကင်တွေဆောက်တယ်။  အဆင့်မြင့်အိမ်သာဆောက်တယ်၊ ရှက်ဖွယ်ပါပဲ .. ဘယ်က ပိုက်ဆံလဲ ဘုရားတွေကို နိုင်ငံသားတွေလှုသောငွေတဲ့။ ဘုရားတွေဆီကိုလာတဲ့ နိုင်ငံခြားသားများထံက ကောက်ခံရရှိတဲ့ ဇုန်ဝင်ကြေး​ကငွေတဲ့။  ဒိထက်ကဲပြီး သစ်ပင်စိုက်တဲ့ ဘတ်ဂျက် လမ်းခင်းတဲ့ ဘတ်ဂျက် တွေနဲ့ လမ်းတွေ ခင်းတာ ယန္တယားကြီး တွေနဲ့ မြင်မကောင်းအောင် ဖြစ်ရလို့ UNESCO က ရှင်းလင်းဖို့  အကြောင်းကြား ခံရတဲ့ထိ ဖြစ်ခဲ့တယ်။

ဒါပေမယ့် လမ်းတွေက အလျင်အမြန်ကို ခင်းလို့ပြီးခဲ့ပြီ။ တုရင်းတောင်ခြေက မြကန်အောက်မှာ ၁၂ရာစုက ရာဇကုမာရ်ရဲ့ ပိဋကတိုက်က ကျောက်နဲ့ဆောက်လုပ်ခဲ့တယ်၊  ပုဂံမှာ ကျောက်နဲ့ ဆောက်တဲ့ သာသနိက အဆောက်အဦး လေးခုပဲ ရှိတဲ့အထဲ မြန်မာတို့ရဲ့ ပထမဦးဆုံးသော စာကြည့်တိုက်လို့ ခေါ်ရမယ့် ရာဇကုမာရ်ရဲ့ ပိဋကတိုက်ကို ညောင်ဦးကျောက်ပန်တောင်း ကားလမ်းခင်းရာမှာ ကျောက်ကန်ထရိုက် ရတဲ့သူက ဖျက်ပြီး ကျောက်သွင်းလိုက် ပါတယ်တဲ့။ သိတော့ ပိဋကတိုက်က ကုန်ပါပြီ၊ တရားစွဲတော့ တရားခံက အမှုရင်ဆိုင်နေရင်း မီးဖိုထဲ ခေါင်းစိုက်ပြီး သေသွားသတဲ့။ တရားခံက တင်မောင်လား ခင်မောင်လား အခု သိတော့ရောဘာထူးဦးမှာလဲ ပထမဆုံးစာကြည့်တိုက်ကို လမ်းခင်းပစ်လိုက်တဲ့လူမျိုး အဖြစ်နဲ့ တရားခံ စာရင်းတွေသာ လက်ဝယ်ပိုက်ပြီး အမွေ အနှစ်တွေက ကုန်ဆုံးခဲ့ပြီ ..ဖြစ်ရတဲ့ ဘဝက ကုန်ဆုံးသင့်ပါပြီ။ ပုဂံ အမွေအနှစ်ထိန်းသိမ်းရေးကော်မတီက ဦးဆောင်ပြီးလုပ်တဲ့ ဖြစ်ရပ်ပါ။

အသိပေးလိုတာက .. ပုဂံမှာ လမ်းအသစ်ခင်းသမျှက အကုသိုလ်ပါ။ ရှေးဟောင်းသုတေသန ဆိုတာ မြေကြီးကို တူးဖော်ပြီးမှမြေအောက် တွေ့ရှိတာနဲ့ မြေပေါ်ပစ္စည်းပေါင်းပြီးမှ ခိုင်မာတဲ့ သက်သေကိုပဲ ပြောရတာပါ။  အခု ပုဂံက မြေကြီးကို တစ်ချက်မှ တူးဖော် သုတေသန မပြုရသေးပဲ အပေါ်ယံ ဘုရား ၃၈၂၂ ဆူကိုပြပြီး၊ ဒါ ပုဂံ လို့ပဲ ပြော ထားရသေးတာပါ။ 

ဒါ့ကြောင့် အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ပြဌာန်းချက်မှာ ပုဂံရှိ သုတေသန မြေလွှာများလို့ ပြဌာန်းထားတဲ့ အတွက် ပုဂံကမြေလွှာ​​တွေဟာ အသိတရားမဲ့စွာ ထိလို့ မရပါဘူး။ ဒီနေရာမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲလို့ မြေကြီးကိုတူးပြီး  သုတေသန လုပ်ပြီးမှ နိုင်ငံရဲ့ခိုင်မာတဲ့ သမိုင်းပုံကို  သက်သေခံကြရဦးမှာပါ ။ ကိုယ့်မှာ အသိဉာဏ် ပညာလည်း မရှိသလို  နှလုံးသားမပါတာလည်း သေချာနေပြီဆိုရင် ဒီမြေလွှာကို အသိဉာဏ်ပညာနဲ့ နောက်မျိုးဆက် ကို  လက်ဆင့်ကမ်းရ မှာပါလား လို့ အလျင်အမြန် ဘာသာပြန်ယူပါ။ ဒီနိုင်ငံထဲ ​မွေးတဲ့ နိုင်ငံသားအားလုံးက မွေးမွေးချင်း အူဝဲလို့ ပထမဆုံး စအော်လိုက်ကတည်းက အရင်ဆုံးပိုင်ဆိုင်ခွင့်ဟာ ပုဂံဖြစ်ပါတယ်။

ဒါ့ကြောင် ပုဂံအမွေအနှစ်နဲ့ သက်ဆိုင်သောနိုင်ငံသားများလို့  အဓိပ္ပါယ် ဖွင့်ဆိုထားပြီးဖြစ်သလို.. နှလုံးသားရှိတဲ့ ပုဂံအမွေအနှစ်နဲ့ သက်ဆိုင်သော နိုင်ငံသားတွေက ဉာဏ်ပညာနဲ့ အနာဂတ် မျိုးဆက်သစ်ကို  အထိခိုက် နည်းစွာနဲ့ ပုဂံ အမွေအနှစ်ကို လက်ဆင့်ကမ်းလိုတဲ့ အတွက် .. အသိတရား မဲ့တဲ့ နောက်ထပ် ကျူးလွန်မှုတွေ မပြုလုပ်ပါရန်  အသိပေးအပ်ပါတယ်။

 

Credit

No comments