New Artical

ပွဲဈေးတွေမှာ တွေ့ရတတ်တဲ့ မြွေလမ္ပာယ်ရဲ့ အကြောင်း

 ပွဲဈေးတွေမှာ တွေ့ရတတ်တဲ့ မြွေလမ္ပာယ်ရဲ့ အကြောင်း

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်က အရှိန်ယူပြီး သူ့ရှေ့ကလူတစ်ယောက်ကို ပေါက်ဖို့ ဟန်ပြင်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကြံ မအောင်မြင်လိုက်ပါဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီလူက ရှောင်တိမ်းလိုက်နိုင်ပြီး မြွေရဲ့ ဦးခေါင်းကို ကိုင်နိုင်ခဲ့လို့ပါပဲ။
"အသက်လေးနှစ်၊ ငါးနှစ်ဝန်းကျင်လောက်ကတည်းက သူတို့တွေ(မြွေတွေ)နဲ့ တရင်းတနှီးရှိနေခဲ့တာ"လို့ ပြောလိုက်တဲ့သူကတော့ ခုနက မြွေဦးခေါင်းကို ကိုင်လိုက်နိုင်တဲ့သူပါပဲ။ အခု သူက အသက် လေး၊ ငါးနှစ်အရွယ် မဟုတ်တော့ပါဘူး။ အသက် ၅၇ နှစ်အရွယ် ဦးလေးကြီးတစ်ယောက် ဖြစ်လို့နေပါပြီ။ ပလေကတ်ပုဆိုးကို အဝါရောင်စွပ်ကျယ်အင်္ကျီနဲ့ တွဲဖက်ဝတ်ထားတဲ့သူ့ဟန်ပန်က မူရင်းအသက်ထက် အနည်းငယ် ငယ်တဲ့ပုံပေါက်နေပါတယ်။ သူ့လက်ထဲမှာတော့ အဝါနဲ့အနက် ရောစပ်ထားတဲ့ ငန်းတော်ကျားမြွေတွေက ထွေးရောယှက်တင် လုံးထွေးလို့နေပါတယ် ။
အဆိပ်ပြင်းတဲ့ ငန်းတော်ကျားတွေက သူ့လက်ထဲမှာတော့ သူပြုရာ နုကြရမယ့်ဘဝ ရောက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဘယ်လိုေမြွမျိုးကိုမဆို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်တဲ့ မြွေလမ္ပာယ်ဆရာတစ်ယောက် ဖြစ်နေလို့ပါပဲ။ နယ်လှည့်တောတွင်းတိရစ္ဆာန်ပြပွဲရဲ့ ပဲ့ကိုင်ဦးဆောင်သူ မြွေလမ္ပာယ်ဆရာ ဦးတင်ထွန်း (ခ) ဦးပုဏ္ဏား အတွက် ဒီလုပ်ငန်းက မျိုးရိုးစဉ်ဆက်လုပ်ကိုင်လာတဲ့ လုပ်ငန်းတစ်ခုပါပဲ။
အဘွားဖြစ်သူ ဒေါ်စောနန်းကြည်ဟာ မြွေလမ္ပာယ်ဆရာမတစ်ယောက် ဖြစ်ပြီး ဖခင်ဖြစ်သူ ဦးရွှေဟင်္သာကလည်း မျက်လှည့်နဲ့ မြွေပညာရှင်ဖြစ်တာကြောင့် ဦးပုဏ္ဏားကလည်း ဒီအမွေကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့တဲ့သူတစ်ယောက် အလိုအလျောက် ဖြစ်လာပါတော့တယ် ။
"သူတို့အပေါ် သံယောဇဉ်လည်း ကြီးတယ်။ သူတို့လေးတွေက ဦးတို့ကို ထမင်းကျွေးနေတဲ့ ကျေးဇူးရှင်တွေ ဖြစ်တဲ့အတွက် သူတို့ကို အစာကျွေးတာ၊ ရေတိုက်တာကအစ ဦးကိုယ်တိုင်ပဲ လုပ်ပေးတယ်"လို့ အနားမှာရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ အမျိုးအမည်စုံလှတဲ့ေမြွတွေကို ရည်ညွှန်းရင်း ဦးပုဏ္ဏားက ပြောလိုက်ပါတယ်။

 
သူ့ဆီမှာ ငန်းတော်ကျား၊ တောကြီးမြွေဟောက်၊ စပါးကြီး၊ စပါးအုံးနဲ့ မြွေစိမ်းမြီးခြောက်စတဲ့ မြွေအကောင် ၁၀ဝ ကျော်ရှိပြီး မျောက်ငါးကောင် ရှိပါတယ်။ မြွေတွေက အစာစားပြီး ရက်အနည်းငယ်ကြာမှ အစာပြန်စားတာကြောင့် သုံးရက်တစ်ကြိမ်အစာကျွေးပေးရပါတယ်။ အဓိကကျွေးတာကတော့ ငါးပါ။မျောက်တွေအတွက်ကတော့ အထူးတလည် စဉ်းစားစရာမလိုပါဘူး။ လူစားတာမှန်သမျှ စားတဲ့အတွက် ဘာမဆိုကျွေးလို့ရတယ်လို့ ဦးပုဏ္ဏားက ပြောပြပါတယ်။
သူ့လုပ်ငန်းခွင်မှာ အသုံးပြုမယ့်မြွေတွေကို မြွေပေါတဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်ဘက်က တောထဲမှာ ရှာဖွေဖမ်းဆီးတာပါ။ ဖမ်းမိတဲ့ေမြွတွေကို နှစ်လ၊ သုံးလလောက် ယဉ်ပါးအောင် လေ့ကျင့်ပေးရပါတယ်။ ငယ်စဉ်ကတည်းက မြွေတွေနဲ့ ယဉ်ပါးခဲ့တဲ့ သူ့အတွက် ဒီမြွေတွေကို ယဉ်ပါးအောင် သိမ်းသွင်းဖို့ဆိုတာ သိပ်တော့ မခက်ပါဘူး။
ဒါပေမဲ့ မြွေတွေနဲ့အသားကျပြီး ပြပွဲမှာ ကျွမ်းကျွမ်းကျင်ကျင် တင်ဆက်နိုင်ဖို့အတွက်ကိုတော့ အချိန်သုံးနှစ် လောက် လေ့ကျင့်ဖို့လိုပြီး မြွေတွေရဲ့အကြောင်းကိုလည်း ကောင်းကောင်းကြီးသိဖို့ လိုပါတယ်။
"ဥပမာ - ညာဘက်ကို လှမ်းပေါက်တတ်တဲ့ေမြွမျိုးဆိုရင် ကိုယ်က ဘယ်ဘက်က ကိုင်ရတာမျိုး၊ မြွေတွေကို ဘယ်လိုကိုင်ရမလဲဆိုတာ ကိုယ်က သိနေမှ။ ဒါတောင် အခန့်မသင့်ရင် မြွေပေါက်ခံရတာလည်း ရှိတတ်တယ်"လို့ ဦးပုဏ္ဏားက ဆိုပါတယ်။
စပါးအုံးမြွေမျိုးဆိုရင် အဆိပ်မရှိလို့ လွှတ်ထားလို့ရပေမဲ့ အဆိပ်ရှိတဲ့ မြွေဟောက်နဲ့ ငန်းတော်ကျားတို့ကိုတော့ အဆိပ်ထုတ်မထားတဲ့အတွက် လှောင်အိမ်ထဲ ထည့်ထားမှသာ စိတ်ချရတာမျိုးပါ။ အဆိပ်ရှိတဲ့ေမြွပေါက်ခံရတယ်ဆို ချက်ချင်းကျပ်စည်းပြီး မြွေဆိပ်ကို အရင်စုပ်ထုတ်ရပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ သက်သာသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဆရာဝန်ဆီသွားပြီး မြွေဆိပ်ပျံ့မသွားအောင် မြွေဆိပ် ဖြေဆေး ထိုးရပါသေးတယ်။
"ချက်ချင်းစုပ်ထုတ်လိုက်ရင် မြွေဆိပ်က ပျံ့မသွားတဲ့အတွက် ဘာမှမဖြစ်ဘူး။ သာမန်အကောင် ကိုက်သလိုပဲ ဒဏ်ရာကျန်ပြီး နည်းနည်းနာပေမဲ့ ပျောက်သွားရော"လို့ ဦးပုဏ္ဏားက ဆိုပါတယ်။ သူ့ဘဝမှာ မြွေပေါက်ခံရတာမျိုးတွေ ကြုံခဲ့ဖူးပေမဲ့ နှစ်ကြိမ်ကတော့ ဆေးရုံတက် ကုသရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်က မြွေဆိပ်နည်းနည်းပျံ့သွားလို့ဖြစ်ပြီး ဒုတိယတစ်ခေါက်ကတော့ မြွေက နားကို ပေါက်လိုက်တဲ့အတွက် အာရုံကြောထိလို့ ဆေးရုံတက်ကုသရတာပါ။ တခြားလုပ်ငန်းတွေလိုပဲ ဘုရားပွဲတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ နယ်လှည့်တောတွင်းတိရစ္ဆာန်ပြပွဲ လုပ်ကိုင်သူတွေ (မြေလမ္ပာယ်ဆရာတွေ)လည်း အစိုးရက အသိအမှတ်ပြုထားတဲ့ တိရစ္ဆာန်ပြသခွင့်လိုင်စင်ရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အများစုကတော့ လိုင်စင်မရှိကြတာ များပါတယ်။
ရှားပါးတဲ့လိုင်စင်ကိုင်ဆောင်သူတွေထဲမှာ ဦးပုဏ္ဏား ပါဝင်ပါတယ်။ လိုင်စင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ထုတ်ပေးတာဖြစ်ပြီး ခြောက်လတစ်ကြိမ် သက်တမ်းတိုးပေးရတာဖြစ်ပါတယ်။ လိုင်စင်ကြေးကတော့ ငွေကြေး ပေးဆောင်ရတာမဟုတ်ဘဲ တောထဲက မြွေရိုင်းတွေကိုဖမ်း၊ ယဉ်းပါးအောင်လုပ်ပေးပြီးတဲ့နောက် တိရစ္ဆာန်ရုံကို ပို့ပေးရတာ ဖြစ်ပါတယ်။ အရေအတွက်ကိုတော့ ကန့်သတ်မထားပါဘူး။ တိရစ္ဆာန်ရုံရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဖမ်းပေးရတာဖြစ်တယ်လို့ ဦးပုဏ္ဏားက ဆိုပါတယ်။ မြွေလမ္ပာယ်ပြပွဲတွေကို မိုးရာသီမှအပ ပွင့်လင်းရာသီတောက်လျှောက်ကျင်းပတဲ့ ပွဲဈေးမှန်သမျှမှာ လိုက်ပြတာဖြစ်ပြီး ဝင်ငွေကတော့ တစ်ရက်ကို အနိမ့်ဆုံး ကျပ်ငါးသောင်း၊ ခြောက်သောင်းလောက်ကနေ အမြင့်ဆုံး နှစ်သိန်းကျော်လောက်အထိကို ရတတ်ပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့တွင်းမှာလုပ်တဲ့ ပွဲတွေမှာတော့ ပွဲကန်ထရိုက်တွေကို ပေးရတဲ့ ကြေးက မြင့်တာမို့ လည်ပတ်အောင် ရပ်တည်နိုင်ဖို့ သိပ်မလွယ်ဘူးလို့ ဦးပုဏ္ဏားက ညည်းတွားစကားဆိုပါတယ်။ မြန်မာတိုင်း(မ်)က ဦးပုဏ္ဏားကို ရန်ကုန်မြို့ရဲ့နာမည်ကြီးသီတင်းကျွတ်ပွဲတော်ဖြစ်တဲ့ ရေကျော်ပွဲဈေးမှာ ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ တစ်နေရာစာအတွက် ကျပ်သုံးသိန်း ပေးဆောင်ရတယ်လို့ သူက ပြောပြပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာပြုလုပ်တဲ့ ဘုရားပွဲဈေးတိုင်းမှာ လိုက်ပြတာဖြစ်ပေမဲ့ ရန်ကုန်က မယ်လမုဘုရားပွဲနဲ့ ပဲခူးဘုရားပွဲတွေကတော့ လူအစည်ကားဆုံးနဲ့ ရုံကို လူဝင်အများဆုံးဖြစ်တာမို့ သူတို့အတွက် အဆင်အပြေဆုံး လို့လည်း ပြောပြပါတယ်။
'နည်လှည့်တောတွင်း တိရစ္ဆာန်ပြပွဲ'လို့ ရေးထားတဲ့ ဗီနိုင်းစတွေ၊ မြွေနဲ့ မျောက်ပုံတွေ ရိုက်နှိပ်ထားတဲ့ ပိတ်စ တွေနဲ့ အခန်းအဖြစ်ဖန်တီးထားတဲ့ ရေကျော်ပွဲဈေးထဲက ဦးပုဏ္ဏားရဲ့ ပြခန်းလေးကတော့ ပေ ၂၀ ပတ်လည်လောက် ရှိပါတယ်။
ပြခန်းထဲကိုဝင်ဖို့အတွက် ဝင်ကြေးကို ကျပ် ၅၀ဝ သတ်မှတ်ထားပါတယ်။ အထဲဝင်လိုက်ပြီဆိုတာနဲ့ ပထမဆုံးတွေ့ရမှာကတော့ သံလှောင်အိမ်ထဲမှာထည့်ထားတဲ့ မြွေမျိုးစုံနဲ့ မျောက်လိမ္မာလေးတွေအပြင် ရိုးရာအယူအဆ အရပေးထားတဲ့ ကန်တော့ပွဲတွေပဲ ဖြစ်ပါတယ်။
ကားလမ်းကို မေးတင်ပြီး ရုံဖွင့်ထားတာမို့ ပလက်ဖောင်းကို စင်မြင့်အဖြစ်သတ်မှတ်ထားပြီး အဲဒီပေါ်မှာ တင်ဆက်မှုပြုလုပ်တာ ဖြစ်ပါတယ်။ အောက်တစ်ဆင့် ကားလမ်းမပေါ်မှာတော့ ပရိသတ်တွေက မတ်တတ်ရပ်ပြီး ကြည့်ရှုကြပါတယ်။ တပည့်တွေ၊ သားတွေက မြွေတွေကို ကိုင်တွယ်ကစားပြတာကို ဦးပုဏ္ဏားက ဘေးကနေထိုင်ကြည့်နေပြီး ပါးစပ်ကလည်း ဘယ်ေမြွက ဘယ်လိုအဆိပ်ပြင်းတယ်၊ ဘယ်ေမြွကတော့ ယှဉ်ပါးလှတယ်စသဖြင့် စီကာပတ်ကုံး ပြောပေးနေတာမို့ စာရေးသူ ကိုယ်တိုင်အနေနဲ့ကတော့ စိတ်ဝင်စားစရာကောင်းပြီး ကျပ် ၅၀ဝ ပေးပြီး ကြည့်ရတာ တန်တယ်လို့ ထင်ပါတယ်။
ပြပွဲမှာကြည့်ခဲ့ရတဲ့ သည်းထိတ်ရင်ဖိုမြင်ကွင်းတစ်ခုကတော့ အသက်လေးနှစ်အရွယ် ကလေးငယ်လေး (ဦးပုဏ္ဏားရဲ့မြေး) တစ်ယောက်က ၁၀ လက်မပတ်လည်လောက်ရှိတဲ့ မြွေကြီးကို သူ့ရဲ့လည်ပင်းမှာချိတ်ပြီး ဆော့ကစားနေတာပါပဲ။ ကလေးကိုများ မြွေက မျိုလိုက်မလားဆိုပြီး ရင်ဖိုရပေမဲ့ အဲဒီေမြွက အဆိပ်ထုတ်ထားတာပါ။
ဒီလုပ်ငန်းဟာ တိရစ္ဆာန်တွေကို ရုံသွင်းပြသတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် တိရစ္ဆာန်ချစ်သူတွေ ဘက်က ကြည့်ရင် တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ လုပ်ငန်းလို့ မြင်ကြမှာအမှန်ပါပဲ။ ဒါပေမဲ့ ဒီလုပ်ငန်းရဲ့နောက်ကွယ်မှာ သူတို့ကို မှီခိုနေတဲ့ မိသားစုတွေ များစွာရှိနေပါတယ်။
ဦးပုဏ္ဏားကတော့ သားသမီးငါးယောက်နဲ့ မြေး ၁၀ ယောက် ရှိပါတယ်။ လုပ်ငန်းအတွက် ကူညီပေးတဲ့ တပည့်ကတော့ ငါးယောက်ပါ။ အားလုံးက ပြပွဲကရလာတဲ့ ဝင်ငွေအပေါ်မှာပဲ အားထားနေရတဲ့ သူတွေပါ။ များပြားတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး၊ တပည့်တစ်ယောက်ကို တစ်လကျပ်ငါးသောင်း လစာပေးနိုင်ဖို့ လုပ်ငန်းလည်ပတ်ရတဲ့အခါ အကျပ်အတည်းတွေ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်။
ဒါပေမဲ့ ဘိုးစဉ်ဘောင်ဆက်လုပ်လာတဲ့ မိရိုးဖလာလုပ်ငန်းတစ်ခုကို သူတို့အားလုံး ဆက်လက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေတုန်းပါပဲ။
"ဒီအလုပ်ပဲ လုပ်တတ်တော့ ဒါပဲ ဆက်လုပ်ရမှာပဲ။ သားသမီးအများစုကလည်း ဒီအလုပ်ကိုပဲ ဆက်လုပ်ကြ ဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက မျိုးရိုးစဉ်ဆက် လုပ်လာတာဖြစ်တဲ့အပြင် ဦးတို့ကိုယ်တိုင်လည်း တိရစ္ဆာန်တွေကို ချစ်တတ်တာကြောင့်ပဲ"လို့ ဦးပုဏ္ဏားက ခိုင်ခိုင်မာမာကို ဆိုလိုက်ပါတယ်။ ။
 
Credit : လဲ့ဖြူပြာမျိုးမြင့်12 OCT 2017 | မြန်မာတိုင်းမ်အပတ်စဉ်

No comments