New Artical

အင်းလေးကန်အနီးမှ မြို့ဟောင်း နှစ်ခု


အင်းလေးကန်အနီးမှ မြို့ဟောင်း နှစ်ခု

ပြည်တွင်း ပြည်ပခရီးသွားများအကြားတွင် အလွန်ထင်ရှားသည့် မြန်မာနိုင်ငံ ၏ အထင်ကရခရီးသွားနယ်မြေ တစ်ခုဖြစ်သော အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း မြင့်မားသောတောင်တန်းများ အလယ်၌ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၂၉၀၀ တွင် တည်ရှိနေသည်။ 



လှပသာယာသောရှုခင်းများနှင့်အတူ ရေအရင်းအမြစ်များ စုစည်းနေသည့် အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သဘာ၀ရေချိုအိုင်ကြီးဖြစ်သည်။ ညောင်ရွှေမြို့နယ်အတွင်းရှိ ရှေးမြို့ဟောင်းများအနက် မိုင်းသောက် နှင့် စံကားတို့သည် အင်းလေးကန်အနီး၌ တည်ရှိနေကြပေသည်။



ညောင်ရွှေနှင့်မြို့ဟောင်းများ

သမိုင်းမှတ်တမ်းများအရ ညောင်ရွှေမြို့ကို မတည်ထောင်မီ ပေါရိသတ်၊ ရမ္မာဝတီနှင့် မိုင်းသောက်မြို့တို့ကို တည်ထောင်ခဲ့သဖြင့် လက်ရှိ ညောင်ရွှေ ဒေသ၌ မြို့ဟောင်းသုံးခု ကျန်ရှိနေခဲ့သည်။ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းတွင် သာကီဝင်မင်းမျိုးဘိရာဇာအနွယ် စော်ဘွားကြီးသည် ညောင်ရွှေမြို့၏ မြောက်ဘက်ရှိ ပေါရိသတ်ဘုရားအနီး၌ ကောသမ္ဘီမြို့ကို တည်ထောင်အုပ်ချုပ် ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အတူ အင်းလေးဖောင်တော်ဦးသမိုင်းတွင် ကောသမ္ဘီမြို့ကို ညောင်ရွှေပြည်နယ်၏ ပထမမြို့တော်ဟု ဖော်ပြခဲ့သည်။ 

ကောသမ္ဘီသည် ရှမ်းအမည် ကောက်ဆံပြီဖြစ်၍ မြန်မာများက ကောသမ္ဘီဟုအသံထွက်ကြသည်။ သို့သော် ကောသမ္ဘီမြို့ဟောင်း၏ တောင်ဘက်မြို့ရိုး အပြင်၌ မြို့ရိုးနှင့်ကပ်လျက် တည်ရှိနေသည့် ပေါရိသတ်ဘုရားကို အစွဲပြုလျက် ကောသမ္ဘီမြို့ဟောင်းသည် ပေါရိသတ်မြို့ဟောင်းဟု ပိုမိုထင်ရှားခဲ့သည်။


အနားပြိုင်စတုဂံတစ်ခုနှင့်တူညီကာ မြောက်ဘက်တွင် လေးဒီဂရီယိုင်ပြီး မှန်ကူကွက်ပုံ တည်ထားခဲ့သည့် ပေါရိသတ်မြို့ ဟောင်းသည် ယခုအချိန်တွင် မြို့ရိုးမြို့ရာများပေါ်လွင်ထင်ရှားခြင်း မရှိတော့ဘဲ မြို့ဟောင်းကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမှ ဖြတ်သွားသည့်တိုင် မြို့ဟောင်းကို မသိရှိနိုင် တော့ချေ၊ ထို့ကြောင့် မြို့ဟောင်းကို ဖြတ်သန်းနေသည့် မော်တော်ကားလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့သွားလျှင် မြင်တွေ့ရသည့် ပေါရိသတ် ဘုရားတည်နေရာကို ပေါရိသတ်မြို့အဝင်နေရာဟု မှတ်သားထားရပေသည်။




ကောဇာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် တရုတ်တို့က ကောသမ္ဘီမြို့ကို ဖျက်ဆီး ခဲ့သဖြင့် တောင်ဘက်သို့ပြောင်းရွှေ့ကာ မိုင်းသောက်အင်းရွာနှင့်သလဲဦးရွာအကြား၊ပေပင်အင်းရွာ၏ အနောက်ဘက်၌ ရမ္မာဝတီမြို့ကို အင်းလေးကန် အတွင်း၌တည်ထောင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ရမ္မာဝတီ၏ အနောက်ဘက်ဒေသရှိ ဟဲဟိုး သီခေါင်နယ်မှ တောင်ပြိုမှုကြောင့် ဟဲဟိုးချိုင့်ဝှမ်းမှ ရေများသည် ညောင်ရွှေအင်းသို့ စီးဝင်ခဲ့ပြီး ရမ္မာဝတီမြို့သည် ပျက်စီးခဲ့သည်။



ရမ္မာဝတီပျက်ပြီးသည့်နောက် အရှေ့မြောက်ဘက်ရှိ မန်ကျဉ်းစင် ပန်းဖယ်တွင် မြို့သစ်တည်ထောင်ကာ စော်ဘွားအဆက်ဆက် စိုးစံခဲ့ပြီးနောက် ဆီဆိုင်စော်ဘွားလက်ထက်တွင် ညောင်ရွှေသို့ပြောင်းရွှေ့ခဲ့သဖြင့် ပန်းဖယ်သည် မိုင်းသောက်မြို့ဟောင်းအဖြစ် ကြွင်းကျန်ခဲ့သည်။


မိုင်းသောက်မြို့ဟောင်း

မိုင်းသောက်မြို့၏ တည်နေရာ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၃၄ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၆ မိနစ်အကြားဖြစ်သည်။


မိုင်းသောက်ကျေးရွာသည် အင်းလေးကန်၏ အရှေ့ဘက်ကမ်း၌ တည်ရှိကာ ညောင်ရွှေမြို့မှ တောင်ဘက်သို့ ၁၀ ဒသမ ၈ ကီလိုမီတာ ကွာဝေး၍ ညောင်ရွှေမှ မိုင်းသောက်သို့ မော်တော်ကားဖြင့် မိနစ် ၂၀ အတွင်းရောက်ရှိ သည်။ ထို့အတူ အင်းလေးကန်ကို ဖြတ်သန်း၍ ရေလမ်းခရီးမှ စက်လှေဖြင့်လည်း သွားရောက်နိုင်သည်။ လက်ရှိ မိုင်းသောက်၏ အရှေ့ဘက် တစ်မိုင်ခွဲ တွင် မိုင်းသောက် မြို့ဟောင်းရာများကျန်ရှိနေသည်။



အင်းလေးကန်အရှေ့ဘက်မှ ကန်အတွင်းသို့ စီးဝင်ခဲ့သည့် ရေဝေရေလဲ ချောင်းတစ်ခုသည် ဘူမိအနေအထား တစ်ရပ်ကြောင့် သဲသောင်ခုံတစ်ခုအ ဖြစ်သို့ပြောင်းလဲခဲ့သည်။ မိုးရေနှင့် ချောင်းရေများက ယင်းနေရာရှိ သဲများပြီး ရေတိုက်စားလွယ်သော မြေသားများကို မျောပါစေကာ ချောင်းအဆုံးပိုင်းတွင် သဲနုန်းများပို့ချရာမှ မြစ်ဝကျွန်းတစ်ခုဖြစ်သွားခဲ့သည်။ ထို့ကြောင့် မိုင်းသောက် ဒေသတွင် တြိဂံပုံ သဲနုန်းမြေပြင် (Alluvium fan) ဖြစ်ပေါ်ခဲ့ပြီး အင်းလေးကန်အတွင်းသို့ စီးဝင်ခဲ့သည့် ချောင်းက ပျောက်သွားခဲ့သည်။ နှစ်ကာလရှည် ကြာလာချိန်တွင် မြေထုကြီးများ ကျယ်ပြန့်လာခဲ့ကာ လူများနေထိုင်စိုက်ပျိုးခဲ့ကြပြီး မိုင်းသောက်မြို့ ပေါ်ထွန်းလာခဲ့သည်။ လက်ရှိ ညောင်ရွှေမြို့ ဝန်းကျင်ရှိ မြို့ဟောင်းသုံးခုအနက် ရမ္မာဝတီမြို့ဟောင်းကို တွေ့ရှိနိုင်ခြင်း မရှိတော့ချေ။



မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံများရိုက် ကူးခဲ့သည့် သစ်တောမင်းကြီး ဦးအောင်မြင့်က မိုင်းသောက်မြို့ဟောင်းနေရာကို ကောင်းကင်မှ ဓာတ်ပုံရိုက်ကူးခဲ့သည်။ မိုင်းသောက်မြို့ဟောင်းကို ကောင်းကင်ဓာတ်ပုံတွင် စတင်မြင်တွေ့ခဲ့စဉ်က ဘုရားပရိဝုဏ်တစ်ခုဟု ထင်မှတ်ခဲ့သော်လည်း လေးထောင့် စတုရန်းပုံပေါ်နေသည့် မြို့ဟောင်းအတွင်း၌ ဘုရား၊ ပုထိုး၊ စေတီ အပြိုအပျက်များမရှိသဖြင့် ဘုရားစေတီတစ်ခုခု၏ ပရိဝုဏ်မဟုတ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။ ထို့အတူ ခန့်မှန်းဧရိယာ ငါးဧကနီးပါး ကျယ်ဝန်းသဖြင့် ဘုရားပရိဝုဏ်မဖြစ်နိုင်ဟု ယူဆနိုင်ခဲ့ကြောင်း ဦးအောင်မြင့်က ရေးသားခဲ့သည်။



ဦးအောင်မြင့်သည် မိုင်းသောက်မြို့ဟောင်း၏ တံတိုင်းနှစ်ထပ်အရာကို တွေ့ရှိခဲ့ပြီး အပြင်တံတိုင်းမှ ပေ ၁၅၀ အကွာတွင် အတွင်းတံတိုင်းရှိ၍ တံတိုင်းနှစ်ခုအကြားကို ကျုံးအဖြစ် တူးဖော်ထားဟန်မရှိခဲ့ချေ။ အပြင်တံတိုင်းသည် တစ်ဖက်လျှင် ကိုက် ၅၀၀ ရှည်လျားကာ အရံအတားအဖြစ် ကာရံထားသည့် မြို့ရိုးတံတိုင်း၏ အတွင်းပိုင်းဧရိယာသည် ဧက ၅၀ ကျော်ရှိကြောင်း ခန့်မှန်းခဲ့သည်။ မိုင်းသောက်မြို့ဟောင်း၏ အတွင်းတံတိုင်းသည် အရှေ့ဘက်တွင် မရှိတော့ဘဲ မြောက်ဘက်တံတိုင်းက တစ်စိတ်တစ်ပိုင်း ကျန်ရှိနေသည်။ မြို့ဟောင်း၏ အနောက်ဘက်နှင့်တောင်ဘက် တံတိုင်းတို့ကို တွေ့ရှိနိုင်သေးပြီး တံတိုင်းများ၏ ထောင့်ချိုးများသည် ကွေးဝိုင်းနေခြင်းမရှိဘဲ ထောင့်မတ်ကျနေကြကာ မြို့တံတိုင်း၏ အရှေ့ဘက်၌ အင်းတစ်ခုနှင့် တူသည့် ရေကန်နှစ်ခုကို မြင်တွေ့ရသည်။



ဦးအောင်မြင့်၏ ရေးသားချက်အရ မိုင်းသောက်သည် ဗြိတိသျှတို့၏ ခံတပ်ဟောင်း( Fort Stedman) ဖြစ်ခဲ့သည်ဟု ဆိုသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို အုပ်စိုးခဲ့စဉ် စစ်ရေးနှင့် နယ်မြေဒေသ လုံခြုံရေးကို ထိန်းချုပ်နိုင်ရန် ခံတပ်များတည်ဆောက်ခဲ့ရာ မိုင်းသောက်ခံတပ်သည် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ သို့သော် ဗြိတိသျှတို့သည် မိုင်းသောက်ခံတပ်တွင် ကြာရှည်စွာ တပ်မစွဲဘဲ ဖျက်သိမ်းသွားခဲ့ကြသည်။



စံကားမြို့ဟောင်း

မိုင်းသောက်မြို့ဟောင်းကဲ့သို့ပင် ညောင်ရွှေမြို့နယ်ရှိ ထင်ရှားသော မြို့ဟောင်းသည် အင်းလေးကန်အတွင်းရှိ စံကား ဖြစ်သည်။စံကားမြို့ဟောင်းသည် အင်းလေးကန်မှ တောင်ဘက်သို့ မိုင် ၄၀ ကွာဝေး၍ စံကားမြို့ဟောင်းသို့ ညောင်ရွှေမြို့မှ တစ်ဆင့် ကန်ပတ်လမ်းအတိုင်းသွားနိုင်သကဲ့သို့ အင်းလေးကန်ကို ဖြတ်သန်း၍ ရေလမ်းဖြင့်လည်းသွားရောက်နိုင်သည်။



သမိုင်းမှတ်တမ်းများအဆိုအရ စံကားမြို့ကို ခရစ်နှစ် ၁၄၇၉ ခုနှစ်တွင် ရှမ်းစော်ဘွား စဝ်ပြားက တည်ထောင်ခဲ့ပြီးမြို့လယ်၌ ပုထိုးတော် တစ်ဆူတည်၍ တရုတ်စံကားသားဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကို ဌာပနာခဲ့ကာ စံကားရွှေဂူဘုရားဟုဘွဲ့ အမည်သမုတ်ခဲ့သည်။


စံကားကို အုပ်ချုပ်ခဲ့ကြသူများသည် ဘုရင့်နောင်မင်းတရား လက်ထက်မှစ၍ မြန်မာဘုရင်များနှင့် ဆက်ဆံမှုများရှိခဲ့သည်။ ခရစ်နှစ် ၁၈၈၇ ခုနှစ်တွင် စံကားကို စော်ဘွား စဝ်စိန်ဖူးက အုပ်ချုပ်ခဲ့ကာ စံကားမြို့၏ နောက်ဆုံး စော် ဘွားသည် စောဝ်ခွန်ကြည်ဖြစ်သည်။


အင်းလေးကန်သည် တောင်ဘက်တွင် ဘီလူးချောင်းအတွင်းသို့ စီးဝင်နေပြီး စံကားမြို့ကို အင်းလေးကန်မှ တောင်ဘက် မိုင် ၄၀ အကွာ ဘီလူးချောင်း ၏ အနောက်ဘက်ကမ်းတွင် တည်ထောင်ခဲ့သည်။ လောပိတရေအား လျှပ်စစ် စီမံကိန်းဆောင်ရွက်ရန် စံကားရွာ၏ တောင်ဘက်ရှိ ဖယ်ခုံမြို့၊ မိုးဗြဲကျေးရွာ အနီးတွင် မိုးဗြဲ ရေလှောင်ကန်ကို တည်ဆောက်ခဲ့သဖြင့် စံကားရွာအနီးတစ်ဝိုက် ၌ ဘီလူးချောင်းရေမျက်နှာပြင်မြင့်တက်လာရာမှ စံကားအင်း ပေါ်ပေါက်ခဲ့သည်။


ထိုအချိန်တွင် စံကားရွာတွင်နေထိုင်ခဲ့ကြသူများသည် အနောက်ဘက်ရှိ တာခေါင်ဘုရားရှိရာ ကုန်းမြင့်နေရာသို့ ပြောင်းရွှေ့ ခဲ့ကြရသည်။ ထို့ကြောင့် စံကားရွာသည် စံကားအင်းခြားလျက် အရှေ့ဘက်ခြမ်းနှင့်အနောက်ဘက် ခြမ်းဟူ၍ နှစ်ပိုင်းဖြစ်သွားခဲ့သည်။


စံကားအင်းနှင့်စေတီဟောင်းများ







၂၀၁၇ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့အင်အားဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စံကားကျေးရွာ၌ အိမ်ထောင်စု ၈၄၀ နှင့် လူဦးရေ ၃၉၂၇ ဦး နေထိုင်လျက်ရှိသည်။ စံကားအင်း၏ အရှေ့ဘက်ခြမ်းရှိ စံကားရွာမတွင် စည်ပင်သာယာဈေး၊ အစိုးရအထက်တန်းကျောင်း၊ ရဲစခန်း နှင့် ၁၆ ခုတင် ဆံ့စံကားတိုက်နယ်ဆေးရုံ တို့ကို ဖွင့်လှစ်ထားသည်။


စံကားရွာမအလယ်၌ နံရွှေဂူဘုရား၊ အင်းစပ်၌ ရေမြုပ်လုနီးဖြစ်နေသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားစု၊ မြို့မဘုန်းကြီးကျောင်းဝင်း၌ ရှေးဟောင်းစေတီနှင့် ရှေးဟောင်းသိမ်တို့ကို မြင်တွေ့နိုင်ကြသည်။ ထို့အတူ အင်းအနောက်ဘက်စံ ကားတွင် သာခေါင် မွေတော် ဘုရားစု တည်ရှိသည်။


ရှေးအခါက စံကားမြို့ဟောင်းတွင် ကျိုင်းတောင်းကျောင်း၊ ဘီလူးနှစ် ကောင်ကျောင်း၊ ကျောင်းလျန်ကျောင်း (ခေါ်) ကျောင်းနီ၊ လေးမျက်နှာကျောင်း၊ တောရကျောင်း၊ နှစ်ကျိပ်ရှစ်ဆူဘုရားကျောင်း၊ တွံ့ဟုန်းကျောင်း၊ အရှေ့ ကျောင်းနှင့် ကျောင်းသစ်ကျောင်းဟူသည့် ဘုန်းကြီးကျောင်း ကိုးကျောင်းရှိခဲ့ သည်။ ကျောင်းသစ်ကျောင်းသည် ယခုအချိန်တိုင် စံကားမြို့ဟောင်း၌ မြို့မ ကျောင်းအမည်ဖြင့် ကျန်ရှိနေသည်။

မြို့မကျောင်းအနီးဝန်းကျင်၌ ဘုရားဆင်းတုတော်ဟောင်းများနှင့် ဆင်း တုတော်များကို ထားရှိခဲ့သည့် အုတ်ပလ္လင်ကြီးများ ကျန်ရှိနေကာ ယခင်က တည်ရှိခဲ့သည့် သစ်သားအဆောက်အအုံများမှာမူ ပျက်စီးခဲ့ပြီဖြစ်သည်။ ယခင်က ရှိခဲ့သည်ဟုဆိုသည့် ဘုန်းကြီးကျောင်း ကိုးကျောင်းသည် ယခုအခါ မြို့မကျောင်းဟု ထင်ရှားသည့် ကျောင်းသစ်ကျောင်း အနီးတစ်ဝိုက်၌ ရှိခဲ့ဟန်ဖြစ်၍ အလွန်ကြီးမားသော ကျောင်းတိုက်များ မဟုတ်နိုင်ခဲ့ချေ။


ဘီလူးနှစ်ကောင်ကျောင်းနှင့် လေးမျက်နှာကျောင်းတို့မှ ဆင်းတုတော် များကို သစ်သားကျောင်းဆောင်တစ်ခုတွင် ထိန်းသိမ်းထားသည်။ အုတ်ပလ္လင်၏ အရှေ့နှင့်အနောက်တွင် ဆင်းတုတော် နှစ်ဆူစီနှင့် တောင်ဘက်နှင့် မြောက်ဘက်တွင် ဆင်းတုတော် တစ်ဆူစီကို ထားရှိပြီး ထောင့်လေးခု၌ လက် အုပ်ချီထားသည့် သာဝကရုပ်တု တစ်ပါးစီကို ထားရှိသည်။


ကျောင်းလျန်ကျောင်း (ခေါ်) ကျောင်းနီကျောင်းမှကျန်ရှိသည့် အုတ်ခုံတွင် ဆင်းတုတော်ကြီးသုံးဆူကို နှစ်ဆင့်လည်ပေါ် ပြာသာဒ်အဆောက်အအုံ ဖြင့် ထိန်းသိမ်းခဲ့သည်။နှစ်ကျိပ်ရှစ်ဆူ ဘုရားများသည် စံကားအင်းစပ်၌ တည်ရှိ၍ တစ်ချိန်က ကုန်းပေါ်၌ တည်ရှိခဲ့မည်ဖြစ်သော်လည်း ယခုအချိန် တွင် စေတီတော်များ၏ အောက်ခံခုံလုံးများသည် ရေမြုပ်နေကြပြီဖြစ်သည်။ စံကားမြို့ဟောင်း၏အနိမ့်ပိုင်းတွင် တည်ထားခဲ့သည့် စေတီများကို စံကား အင်းရေပြင်အလယ်၌ တွေ့ရှိကြရသည်။


#နတ်တာရိုးနှင့်နံရွှေဂူ


စံကားရွာမှ အင်းထဲသို့ ထိုးထွက်နေပြီး ရေတစ်ဝက်မြုပ်နေသော မိုင်ဝက်ဝန်းကျင် ရှည်လျားကာ သဘာ၀ ကျောက်တန်းကြီးတစ်ခုဟု ထင်မှတ်ရသည့် တာရိုးကို ဒေသခံများ နတ်တာရိုးဟု ခေါ်ကြသည်။ ယင်းတာရိုးကို ဖိုးခင်နှင့်ဖိုးတင် အမည်ရှိ နတ်ညီနောင်နှစ်ပါးက ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြသော်လည်း လူသားများ ပြုလုပ်ခဲ့သည့် တမံဘောင်တစ်ခုသာ ဖြစ်သည်။

ရှမ်းတောင်တန်းဒေသမှ ဂဝံနှင့်ဆင်သည့်မြေများဖြင့် ဖြိုထားခဲ့သည့် တာရိုးသည် နှစ်ကာလရှည်ကြာလာချိန်တွင် ကျောက်တန်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။


ရှမ်းစော်ဘွားစဝ်ပြားသည် စံကားကို တည်ထောင်ခဲ့ချိန်က မြို့နေပြည်သူများ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေတာရိုးများဖို့လျက် အရှေ့ဘက်ရှိ နန်းဟူးနှင့်လင်လန် ရေထွက်ဒေသများမှ ရေကို စံကားသို့ သွယ်ယူခဲ့သည်။ ယခုအချိန်တွင် တာရိုး၏ အချို့နေရာများသည် ပြိုပျက်နေပြီဖြစ်သည်။

စံကားနယ် နံရွှေဂူဘုရားစုသည် စံကားတိုက်နယ် ဆေးရုံ၏ မျက်နှာချင်းဆိုင်ရှိ ကွင်းပြင်၏ တောင်ဘက်၌ရှိသည်။ စေတီ အများစုသည် ရှမ်းပြည်နယ်တွင် တွေ့ရှိရသည့် စေတီတော်များကဲ့သို့ပင် လုံးပတ်တော် သွယ်လျ၍ ဖောင်းရစ်များစွာပါရှိသည်။ စေတီအချို့ကို ပြုပြင်ထားပြီး အချို့မှာ မူလလက်ရာအတိုင်းရှိ နေကြသည်။


နံရွှေဂူဘုရားစုအတွင်းမှ မူလစေတီတော်ကြီးကို ရှမ်းစော်ဘွားစဝ်ပြားက တည်ထားပြီး တရုတ်စံကားသားဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်ကို ယင်းစေတီတော်၌ ဌာပနာခဲ့သဖြင့် စံကားရွှေဂူဘုရားဟု ဘွဲ့မည်တွင်ခဲ့သည်။ စေတီတော်၏ လိုဏ်အတွင်းပိုင်းကို ဗုဒ္ဓဝင် နိပါတ်တော်လာ ဇာတ်ကွက်များ ထုလုပ်ထားသည့် အင်္ဂတေရုပ်တုများဖြင့် တန်ဆာဆင်ခဲ့သည်။ စေတီတော်ကြီးလိုဏ်တွင် မင်းဝတ်ဘုရားနှစ်ဆူ၊ ထိုင်တော်မူဆင်းတုများနှင့် သိကြားရုပ်၊ ဆင်ရုပ်၊ မာရ်နတ်ရုပ်များ ရှိ၍ ယခုအချိန်တွင် ယင်းတို့ကို ရွှေဆေးများ သုတ်ထားသဖြင့် ရှေးဟောင်းရုပ်တုများနှင့် မတူညီတော့ချေ။

တာခေါင်မွေတော်

စံကားမြို့ဟောင်းတွင် အထင်ရှားဆုံးဖြစ်သည့် တာခေါင်မွေတော် ဘုရားနေရာ၌ စေတီနှင့် ဆင်းတုတော်များ စုဝေးတည်ရှိနေပြီး စံကားအင်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ယင်းနေရာသို့ အရှေ့ဘက် စံကားရွာမ ဘက်ကမ်းမှ အနောက်ဘက်ကမ်းသို့ အင်းကိုဖြတ်ကာ စက်လှေဖြင့် ၁၅ မိနစ် ဝန်းကျင်သွားကြရသည်။ တာခေါင်မွေတော်ဘုရားစုတွင် စေတီ ၂၃၆ ဆူရှိကာ များစွာသော ရုပ်လုံးရုပ်ကြွများကို လေ့လာနိုင်ကြသည်။


ကုန်းမြင့်ပေါ်၌ တည်ရှိသည့် တာခေါင်မွေတော်ဘုရားစုတွင် အရွယ်မျိုးစုံ စေတီများရှိကာ စံကားအင်းထဲမှ လှေဖြင့် ဖြတ်သန်းလာစဉ်မှာပင် မြင်တွေ့ကြရပေသည်။ဘုရားမှ လှေဆိပ်အထိ သွယ်တန်းထားသည့် စောင်းတန်းများအတိုင်း စေတီတော်ရင်ပြင်သို့ သွားရောက်ကြရသည်။ ရင်ပြင်တော် တန်ဆောင်းအတွင်း၌ လုံးတော်ပြည့်ရွှေချထားသော ဆင်းတုတော်ကြီးရှိ ကာမွမ်းမံပြင်ဆင်မှုများကြောင့် မူလလက်ရာများ ပျောက်ကွယ်နေပြီဖြစ်သည်။


တာခေါင်မွေတော်ဘုရားကို ၁၅ ရာစု အလယ်က တည်ထားခဲ့ကာ ဘုရားရင်ပြင် မြောက်ဘက်၌ မှတ်တမ်းစာ နှစ်ကြောင်း ရေးထိုးထားသည့် ခေါင်းလောင်းတွင် မြန်မာဘာသာဖြင့် “သက္ကရာဇ် ၁၁၅၈ ခု တပေါင်လဆန်း ၂ ရက် သွန်သည်"ဟု ပါရှိသည်။ ခေါင်းလောင်းစာပါ သက္ကရာဇ်အရ ကုန်းဘောင်ခေတ်၊ ဗဒုံမင်းနန်းစံချိန်တွင် သွန်းလုပ်လှူဒါန်းခဲ့သည့် ခေါင်းလောင်းဖြစ်ပြီး တောင်ဘက်မှ ခေါင်းလောင်းတွင်မူ "ကျေးအချိန်ပေါင်း ၆၄၀ ရှိပါသည်"ဟု ရေးထိုးထားသည့် စာကြောင်းကို ဖတ်ရှုနိုင်ကြပေသည်။


မြန်မာနိုင်ငံနေရာဒေသ အသီးသီးတွင် ရှိနေကြသည့် ရှေးမြို့ဟောင်းများသည် တစ်ခုနှင့်တစ်ခု မတူညီကြဘဲ မိမိတို့ သွင်ပြင်လက္ခဏာ ကိုယ်စီရှိကြသည်။ မြို့ဟောင်းများသည် တစ်ချိန်က လူများအခြေချနေထိုင်ခဲ့သည့် နေရာများဖြစ်သဖြင့် ယင်းနေရာများတွင် သမိုင်းနှင့်ယဉ်ကျေးမှု ရုပ်ဝတ္ထု အမွေအနှစ်များ ကြွင်းကျန်ရှိနေကြမြဲ ဖြစ်ပေသည်။ ထို့ကြောင့် ရှေးမြို့ဟောင်းများသည် သုတေသီများအတွက် အထူးစိတ်ဝင်စားဖွယ် နေရာများဖြစ်ကြကာ လူမျိုးနှင့်ဒေသဆိုင်ရာ သမိုင်းအထောက်အထားများ များစွာကျန်ရှိနေသည့် ယဉ်ကျေးမှု ရတနာသိုက်များဖြစ်ကြပေသည်။ ။


မောင်သာ(ရှေးဟောင်းသုတေသန)

credit to orginal writer

Credit Photo by AdventuresbySaiSwan

No comments